Home သတင်း ကနဲလေး စခန်းကို သိမ်းပိုက်နိုင်ပြီးဟု KNLA အတည်ပြု

ကနဲလေး စခန်းကို သိမ်းပိုက်နိုင်ပြီးဟု KNLA အတည်ပြု

723
Photo-KNU (ပုံဟောင်း)

မေ ၂၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင် ဒေသအတွင်းရှိ စစ်ကောင်စီ ကနဲလေး စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက မေ ၂၈ ရက်နေ့ ညဦးပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ တပ်ရင်း-၂၀၁၊ တပ်မှူးက အတည်ပြု ပြောသည်။

အဆိုပါ စစ်ကောင်စီ ကနဲလေးစခန်းကို မေ ၂၇ ရက်နေ့တွင် KNLA၊ မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆိုစ့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ဝေါလေဗျူဟာမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ ဖြင့် ခုခံခဲ့သော်လည်း မေ ၂၈ ရက်နေ့ ညနေ ၆ နာရီကျော်ချိန်တွင် စခန်းကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

“၂၇ ရက်နေ့မှာ စတိုက်တာ မနေ့က ညနေ ၆ နာရီကျော် ၇ နာရီ လောက်မှာ ရတယ်။ စစ်ကောင်စီ စစ်သားတွေ တချို့ ထွက်ပြေးတယ်၊ တချို့ဖမ်းမိတာရှိတယ်။ အရင်ကတည်းက ရွာသားတွေ စစ်ရှောင်နေတော့ အရပ်သား ထိခိုက် တာမရှိဘူး။ အသေးစိတ်အခြေအနေကိုတော့ စိစစ်တာ၊ ရှင်းလင်းတာ လုပ်နေတယ်” ဟု KNLA၊ တပ်ရင်း-၁၀၁ တပ်မှူးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မေ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဝေါလေဗျူဟာ၊ ဥကရိထ ထောက်ပို့ ပင်မစခန်းနှင့် ဝါးမီးထကာကင်းစခန်း၊ သေ့ဘောဘိုး စခန်းများကို KNLA၊ KNDO မဟာမိတ်တပ်ဖွဲ့များ ဝိုင်းပတ်ပိတ်ဆို့ စစ်ဆင်ထားပြီးဖြစ်သည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။

“နေရာအားလုံးကတော့ ဖြတ်ထားပြီလေ၊ အလုပ်လုပ်ဖို့ကတော့ရာသီဥတုနဲ့ စတဲ့အခြေအနေကို ကြည့်နေတာ ပေါ့နော်။ သူ့တို့ကင်းထောက် လေယာဉ်ပျံတယ်။ ဂျက်ဖိုက်တာလာတယ်။ ထိုင်းက ဂျက်ဖိုက်တာလည်း ပျံပြီး ထိုင်းနယ်ထဲမကျော်လာဖို့ ထိုင်းစစ်တပ်သတိပေးတာရှိနေတယ်ဆိုတော့ နယ်ကျော်ကျည် မကျအောင်သတိထား ရတယ်” ဟု မြေပြင်ရှိ သတင်းအရင်းအမြစ်က ပြောပါသည်။

မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်တွင် တိုက်ပွဲများကြောင့် အုန်းဖျန် ဒေသ၊ မော်ခီး၊ ကနဲလေး၊ ထီးသဲ ဘလယ် ဒေသအတွင်းမှ ကျေးရွာဒေသခံများ ထိုင်းနိုင်ငံ ဘက်အခြမ်းသို့ စစ်ဘေးရှောင် နေထိုင်နေကြရပြီး၊ ကျေးရွာတွင် ကျန်ရှိ နေထိုင်သူများကိုလည်း စစ်ကောင်စီလက်နက်ကြီး၊ လေကြောင်းရန် အကာအကွယ်ရှိသည့် နေရာများတွင် နေထိုင်ကြရန် သတိပေးထားကြောင်း သိရသည်။