Home သတင်း KNLA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ထီးခီးစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် ထိုင်းဘက်ထွက်ပြေး

KNLA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ထီးခီးစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် ထိုင်းဘက်ထွက်ပြေး

553
Photo: Social Media

မေ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)/ဘိတ်-ထားဝယ်ခရိုင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် လက်နက်နှင့်တကွ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရှောင်တိမ်းသွားကြကြောင်း KNU က ပြောသည်။

ပြီးခဲ့သည့် ဧပြီလကတည်းက ကေအဲန်ယူ တပ်မဟာ ၄/ဘိတ်-ထားဝယ်ခရိုင်၊ ထီးခီးနယ်စပ်ရှိ စစ်ကောင်စီ တပ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ယင်းကြောင့် ထီးခီးစခန်းတွင် တပ်စွဲနေသည့် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၂၅ မှ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အယောက် ၅၀ ကျော်မှာ ယခုမေလ ပထမပတ်အတွင်း ထိုင်းနိုင်ငံဘက်သို့ အဖွဲ့ခွဲကာ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု တပ်မဟာ(၄)၊ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖိုးလေးက ပြောသည်။

“ပထမပြေးတာ ရဲ ၁၀ ယောက်လောက်ရှိတယ်။ နောက် ၈ ယောက်တစ်ဖွဲ့၊ ၉ ယောက် တစ်ဖွဲ့ ပြီးတော့ ၃၀ တစ်ဖွဲ့ အားလုံး ပေါင်းရင် ၅၀ နဲ့ ၆၀ လောက်ရှိမယ်။ ခလရ-၂၅ ကတပ်ဖွဲ့ဝင်တွေပဲပြေးတာ။ ခလရ-၂၆၇ တပ်ကလူတွေ ကျန်သေးတယ်။” ဟု ဗိုလ်မှူးချုပ် စောဖိုးလေးက ကေအိုင်စီသို့ ပြောသည်။

ယခင်က ထီးခီးစခန်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဝန်းကျင်သာ တပ်စွဲထားသော်လည်း ပြီးခဲ့သည့် ဧပြီလလယ်မှစ၍ စခန်းနှင့် ၆ မိုင်ခန့်ကွာဝေးသည့် ထီးထာတပ်စခန်းမှ စွန့်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကပါ လာရောက်အင်အားပူးပေါင်းထားသည်။

ထို့အပြင် စစ်တပ်က လေကြောင်းဖြင့် လာချပေးထားသော တပ်ဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၃၀ ဝန်းကျင် ခန့်ရှိနိုင်ပြီး လက်ရှိထိုင်းဘက် ထွက်ပြေးသည့် ဖြစ်စဥ်ကြောင့် အင်အားထက်ဝက်သာ ကျန်ရှိနိုင်ကြောင်း KNU ဘက်က ခန့်မှန်းထားသည်။

စစ်ကောင်စီက ထီးခီးစခန်းသို့ အင်အားလာဖြည့်စဥ် KNLA တပ်မဟာ ၄ ပူးပေါင်းတပ်က ကြားဖြတ် နှောင့် ယှက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီကလည်း ထီးခီးကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အလားတူ စစ်ကောင်စီဘက်က အရာရှိနှင့်တပ်သား အသေအပျောက်များခဲ့သည့် ထီးခီးစခန်းအနီးရှိ ထီးတာဗျူဟာကုန်းစခန်း၏ ၈ ရက်တာ စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီက လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ စခန်းကျပြီးနောက် ထီးခီးအပြင် ငါးရံ့နီနှင့် ဗောဓိစခန်းဘက်သို့ ပါ လေကြောင်းမှ အင်အားဖြည့်တင်းလျက်ရှိသည်ဟုလည်း ထီးခီးနယ်စပ်သတင်းအရင်းအမြစ်က ဆိုသည်။