Home သတင်း ဝေါ်လေဗျူဟာ စစ်ကောင်စီ စစ်ကူစစ်ကြောင်းတစ်ခုလုံးရှင်းလင်းခံရ၊ အချို့ကို အရှင်ဖမ်းဆီးရမိထား

ဝေါ်လေဗျူဟာ စစ်ကောင်စီ စစ်ကူစစ်ကြောင်းတစ်ခုလုံးရှင်းလင်းခံရ၊ အချို့ကို အရှင်ဖမ်းဆီးရမိထား

699
Photo: CJ

မေ ၂၈ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

သေဘောဘိုး စခန်းအတွက် စစ်ကူစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက် ဒီကနေ့မေလ ၂၈ ရက်နေ့ နံနက်ပိုင်းမှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက အတည်ပြုပြောဆိုသည်။

ဝေါလေဗျူဟာ အခြေစိုက် စစ်ကောင်စီစခန်းကနေ အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ထိုင်း-မြန်မာနယ်စပ် မောကဲထိုင်းတစ်ဖက်ကမ်း၊ မဲကလာချောင်းအနီးဝန်းကျင်အရောက်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ယမန်နေ့ မေ ၂၇ ညနေပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယနေ့ မေ ၂၈ ရက်၊ နံနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး တပ်ပျက်ကာ တပ်ဖွဲ့ဝင်အများအပြား သေဆုံးပြီး တပ်ဖွဲ့ဝင် ဆယ်နှင့်ချီပြီး အရှင်ဖမ်းဆီးရမိထားသည်ဟု စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက အခုလို ပြောသည်။

“အကုန်လုံးတော့ မရှင်းနိုင်သေဘူး။ လောလောဆယ်တော့ ဆယ်ဦးတော့ အရှင်ဖမ်းမိထားတယ်။ ကျနော် မျက်မြင် တွေ့ရသလောက်ပေါ့။ တခြားဖမ်းမိတာလည်း ရှိအုံးမယ်။ သူတို့ဘက်ကတော့ သေတာ အများ ကြီးပဲ။ ကျနော်တို့ဘက်ကလူတွေတော့ ထိတာမရှိဘူး။ တချို့ကတော့ ထွက်ပြေးသွားတယ်။ သူတို့ဌာနချုပ်ဘက်ကို ပြန်ပြေးသွားတယ်လို့ ထင်တယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီး သိမ်းမိတာရှိတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

Photo: CJ

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နေ့လည်ပိုင်းက စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ထိုင်းနိုင်ငံ ဘက် ခြမ်းမှ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ဌာနချုပ်အနီးရှိရာ ဆုံဆည်းမြိုင်ဒေသဘက်ကို ဝင်ရောက်လာခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဘက်က သွားရောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေပြီး စစ်ကောင်စီဘက် က လေကြောင်းမှ လာရောက် စစ်ကူပေး ပစ်ခတ်နေသည်ဟုလည်း စစ်ရေး သတင်းအရင်းမြစ်များက ဆက်ပြောသည်။

ယမန်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် DKBA ဌာနချုပ် ဆုံဆည်းမြိုင်၊ လေးဝေါ်၊ ဝါးမီထ နှင့် သေဘောဘိုး အစရှိသည့် ဒေသခံ ကျေးရွာသားများ ထိုင်းနိုင်ငံ ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။