မေ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် / တပ်မဟာ (၁) ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့် ဧပြီလ တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့တိုက်ပွဲ (၈)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူက ပြုစုထားသည့် စာရင်းအရ သိရသည်။
ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာအုပ်စုနှင့် ဘီးလင်းမြို့နယ် နတ်ကြီး၊ ဝင်းတာပန်ကျေးရွာတို့တွင် ဧပြီလ ၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ KNLA တပ်ရင်း(၂)၊ တပ်ရင်း(၃) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း ၈ ကြိမ်ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုတပ်ကြပ်တစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးသလို ၈ ဦး ဒဏ်ရာရရှိခဲသည်ဟု တပ်မဟာ(၁) ကေအဲန်ယူစာရင်းက ဖော်ပြထားသည်။
တိုက်ခိုက်ရာ၌ KNLA ပူးပေါင်းတပ်က စစ်ကောင်စီကို ပျောက်ကြားစနစ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးအသုံးပြု ပစ်ခတ်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်မှုအပြင် ထိတွေ့တိုက်ပွဲပုံစံများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖော်ပြပါတိုက်ခိုက်မှုများအနက် ဧပြီလ ၂၀ ရက်နေ့က ကျိုက်ထိုမြို့နယ်အတွင်း ပျောက်ကြား တိုက်ခိုက်မှုဖြစ်ပွားစဥ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တစ်နှစ်တာပတ်လုံး သထုံခရိုင်တွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၂၃၅ ဦးသေဆုံးကာ ၂၅၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းလည်း ကေအဲန်ယူ-ဗဟို စာရင်းထုတ်ပြန်မှုအရ သိရသည်။