မေလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းပိုက်ခံထားရသည့် ညောင်ခြေထောက် အခြေစိုက် ခြေမြန် တပ်ရင်း (ခမရ-၅၉၈)ဌာနချုပ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီဘက်က လက်နက်နှင့်လူ အင်အား အများအပြားသုံး၍ စစ်ကြောင်းထိုးလာသောကြောင့် လက်လွှတ်လိုက်ရခြင်းဖြစ်သည်ဟု ကေအဲန်ယူဘက်က ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူးခရိုင် (ညောင်လေးပင်)၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက် ကျေးရွာရှိ စစ်ကောင်စီ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တပ်မဟာ-၃ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF၊ မဟာမိတ် ပူးပေါင်းတပ်များက ပြီးခဲ့သည့် မေလ (၈) ရက်နေ့တွင် အပြီးသတ်သိမ်းယူထားနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်သိမ်းပိုက်ခံထားရသည့် တပ်စခန်းအား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုများအဆက်မပြတ်လုပ်ဆောင်နေသလို ဂျက်ဖိုက်တာ လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပြန်လည်ထိုးစစ်ဆင်လာသောကြောင့် မေ ၁၀ ရက် ညပိုင်း၌ ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာပေးလိုက်ရသည်ဟု နယ်မြေခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
ရွှေကျင်မြို့နယ် တာဝန်ရှိသူတစ်ဦးက ” အခုက စခန်းတော့ တက်လို့ရတယ်ဆိုပေမဲ့ လက်နက်ကြီးနဲ့ လေယာဥ်သုံးပြီး ပြန်လုပ်တဲ့အတွက် ဆုတ်ပေးလိုက်တာ။ အခု သူတို့ စခန်းပြန်လာထိုင်နေပြီး။ သူတို့က လက်နက်ခဲယမ်းပြည့်စုံသလို အင်အားအလုံးအရင်းသုံးပြီး ပြန်လာအနိုင်ယူတဲ့အတွက် ကိုယ့်လူတွေလည်းမခံနိုင်တော့ ပြန်ဆုတ်ပေးလိုက်တာပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါစခန်း ပြန်လည်ရရှိမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီကလည်း ပူးပေါင်းတပ်များ ဝင်ရောက် နေရာယူခဲ့သည့် နေရာများသို့ စစ်ကူစစ်ကြောင်းများဖြင့် တပ်အင်အားအများအပြားဖြည့်တင်း ပို့ဆောင်ထားမှုများ ကြိုးပမ်းလာသည့်အတွက် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ၎င်းမြို့နယ် ဝာာဝန်ရှိသူက ဆက်ပြောသည်။
“အခုက အင်အား ၂၀၀ ကျော် ၃၀၀ လောက်ရှိမယ်။ အခု သရက်သမိန်ဘက် မြစ်ကျိုးဘက်မှာ သူများ ပိတ်ထားတာတော့ရှိတယ်။ အခုမြစ်ကျိုးဘက်မှာ ထိတွေ့တိုက်ပွဲတွေရှိတယ်။ အခု သရက်သမိန် ဘက်မှာပဲ သူတို့ရှိနေတုန်း ဒီဘက်အထိတော့ မကူးလာသေးဘူး။ သူတို့နေရာပြန်လာထိုင်ဖို့ လာတဲ့ လမ်း ကြားဖြတ် ထိတွေ့တိုက်ပွဲတွေတော့ရှိတယ်။ ဒီမနက် ၁၀နာရီ ဝန်းကျင် ၁၁ နာရီလောက်မှာလည်း လေယာဥ်တစ်ချက်လာပစ်သေးတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ (ခမရ -၅၉၈) တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် လက်နက်ကြီးများ နှင့် ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့်ကလေးငယ်များလည်း ဖမ်းဆီးရမိခဲ့သေးသည်ဟု တော်လှန်ရေး သတင်းအရင်းအမြစ်ဘက်က ပြောသည်။
KNLA ပူးပေါင်းတပ်သည် ၂၀၂၅ ခုနှစ်၊ မတ်လမှ ဧပြီလအထိ တပ်မဟာ(၇)နယ်မြေအတွင်း စစ်ကောင်စီ တပ်စွဲထားသော နဘူးမြို့နယ်ရှိ လေးဂေါ်(မော်ဂလာ) စခန်း၊ လှိုင်းဘွဲမြို့နယ်ရှိ ခလယ်ဒေးစခန်းနှင့် ပိုင်ကျုံမြို့နယ်ရှိ ပူလူတူစခန်းနှင့် တခေါ်ဘီခွီးစခန်းအပြင် တပ်မဟာ(၄)မှ ထီးခီးစခန်းနှင့် တပ်မဟာ(၃)ရှိ ခမရ-၅၉၈ စခန်းတို့ကိုလည်း တစ်ဆက်တည်း သိမ်းပိုက်လိုက်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း တပ်မဟာ-၃ နယ်မြေသည် စစ်ကောင်စီနှင့် KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲ ၇၅၁ ကြိမ်ဖြစ်ပွားခဲ့ဟု ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉၉၁ ဦးထိ ၉၉၁ ဦးထိ သေဆုံးခဲ့ပြီး ခရိုင် ၇ ခု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အများဆုံးသေဆုံးခဲ့သည့် ခရိုင်တစ်ခုဖြစ်သည်ကို ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။