Home သတင်း လက်နက်ကြီးပစ်ခံရ၍ ရေဖြူတွင် ရွာ ၈ ရွာမှ ဒေသခံထောင်ချီ ထွက်ပြေး

လက်နက်ကြီးပစ်ခံရ၍ ရေဖြူတွင် ရွာ ၈ ရွာမှ ဒေသခံထောင်ချီ ထွက်ပြေး

735
Photo-ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့

မေ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသ၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီ တပ်ရင်းများက ကျေးရွာများသို့ လက်နက်ကြီး ပတ်ခတ်မှု ကြောင့် ရွာ ၈ ရွာမှ ဒေသခံ ၃၀,၀၀ ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်ကူညီနေသူများနှင့် ဒေသခံများက ပြောသည်။

ယခုလို စစ်ကောင်စီ၏ လက်နက်ကြီးနေ့စဉ် ပစ်ခတ်မှုများကြောင့် ဆင်စွယ် ကျေးရွာ၊ မင်းသား ကျေးရွာ၊ စိန်ဘုံ ကျေးရွာ၊ ဘုရားသုံးဆူ ကျေးရွာ၊ နတ်ကြီးစင်ကျေးရွာ၊ ရေငံကြီး ကျေးရွာ၊ ကျောက်တလုံး ကျေးရွာ အပါအဝင် အနီးရှိ ကျေးရွာများမှ ဒေသခံ ၃၀,၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင် ကူညီ နေသူတစ်ဦးက ယခုလို ပြောသည်။

“ကျေးရွာက စုစုပေါင်း ၈ ရွာ နီးပါးလောက် ရှိပါတယ်။ အခုကအရင် စစ်ဘေးရှောင်တွေအပြင် လူပိုပြီးတိုး လာ တော့ သူတို့အတွက် နေရာထိုင်ခင်း မလုံလောက်တဲ့ ပြဿနာတွေတော့ ကြုံတွေ့နေရတာမျိုးတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ စားနပ်ရိက္ခာပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မေ၂၆ ရက်နေ့တွင်လည်း တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် ကားလမ်းမ ပေါ်ရှိ မင်းဒပ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတချို့ကို ဖမ်းဆီးမှုများပြုလုပ်နေ သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မင်းဒပ် ရွာထဲမှာ တပ်စွဲထားတယ်။ ဒေသခံ ဆယ်ယောက်ကျော်မယ် ထင်တယ် သတင်းကြားရ တာတော့။ အခြေအနေကိုတော့ သေချာမသိသေးဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ မင်းဒပ်ကျေးရွာသည် ဝင်းဝတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် တစ်ဆက်တည်းရှိကာ ဝင်းဝနယ် မြေ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ မကြာခဏသွားရောက်ပစ်ခတ်ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိ၍ ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု သိရသည်။

ယခုလို အခြေအနေများကြောင့် တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၇၅,၃၀၀ ဦး ကျော်အထိ ရှိလာပြီး ဆေးဝါး၊ ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်နေသည်ဟု FE 5 Thanintharyi ၏လစဉ် အစီရင်ခံစာ၌ ဖော်ပြထားသည်။