မေလ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မကွေးတိုင်းဒေသကြီး၊ မကွေးအကျဥ်းထောင်တွင် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်စပ်လျဥ်းပြီး နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တိုက်ပိတ်ခံထားရပြီး ဆေးကုသခွင့် လည်း ပိတ်ပင်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM)က ယနေ့ မေလ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဧပြီ ၁၃ ရက်နေ့က ထောင်ရှေ့၌ ဖြစ်ပွားခဲ့သည့် Local PDF အဖွဲ့များနှင့် စစ်ကောင်စီ လက်အောက်ခံ တပ်များ တိုက်ပွဲများတွင် ပါဝင်သည်ဟုဆိုကာ အကျဉ်းသား ၂၀၀ ကျော်ကို ထောင်အာဏာပိုင်များ၏ စွပ်စွဲမှုဖြင့် နိုင်ငံရေးအကျဉ်းသားများအား ယခုလို တိုက်ပိတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် အကျဉ်းထောင်အတွင်း၌ အကျဉ်းဦးစီးဝန်ထမ်းများနှင့် အကျဉ်းသားများကြား တင်းမာမှု အချို့ဖြစ်ပွားပြီး ဖြစ်စဥ်အတွင်း အကျဉ်းထောင်အာဏာပိုင်များက အကျဉ်းသားများကို ရိုက်နှက်ခြင်း သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းပစ်ခတ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဥ်းသား ၄၀၀ ကျော်ကိုလည်း မြေမြင်ပေါ်တွင် ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်ခဲ့ကြောင်း၊ ၎င်းရိုက်နှက်ခဲ့မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများ၏ ခါး၊ ခြေထောက်နှင့် တင်ပါးများတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် သေနတ်ဒဏ်ရာများရရှိခဲ့သည်ဟု PPNM ကဆိုသည်။
ထုတ်ပြန်ချက်အရ ဒဏ်ရာရသူများထဲမှ မတရားပုဒ်မများဖြင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးဝင်းဝင်းနှင့် ကိုဖြိုးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံခဲ့ရသဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေ၌ ရှိနေကြောင်း သိရသည်။
လက်ရှိတွင် ထောင်အာဏာပိုင်များက ဆေးကုသခွင့်ကိုလည်း ပိတ်ပင်ထားသလို နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်သည်လည်း စွပ်စွဲမှုများဖြင့် တိုက်ပိတ်ခံထားရသည်မှာ တစ်လကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ ထောင်ဝင်စာတွေ့ခွင့်ကိုလည်း လုံးဝပိတ်ပင်ထားပြီး တိုက်ပွဲဖြစ်စဉ်တွင် ပါဝင်သည်ဆိုသော နိုင်ငံရေးအကျဉ်းသားများကိုလည်း ထောင်ဝင်စာပါဆယ်ပို့ခွင့်များ ပိတ်ပင်ထားကြောင်း PPNM က အသိပေးသည်။
“ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခဲ့ရသူတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအပေါ် မကွေးအကျဉ်းထောင်အာဏာပိုင်တွေရဲ့ တရားမဲ့စွာ ပြုလုပ်နေ တာတွေက လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေခြင်းဖြစ်ပါတယ်။ ယင်းအခြေအနေကို အခွင့်ကောင်းယူကာ လူသားတစ်ဦးရဲ့ အခြေခံရပိုင်ခွင့်တွေကို ကျူးလွန်နေတဲ့ ထောင်အာဏာပိုင် တွေအနေနဲ့ မိမိတို့ ပြုလုပ်ခဲ့တာတွေကို အပြည့်အဝ တာဝန်ယူရမှာဖြစ်ပါတယ်” ဟု PPNM က ထုတ်ပြန်ချက်တွင် သတိပေးပြောဆိုထားသည်။
လက်ရှိအချိန်အထိ မကွေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများသည် တိုက်ပွဲဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှစကာ ရေသန့်များမရရှိဘဲ သောက်ရေများကို ဈေးကြီး ပေးဝယ်နေကြရကာ အခန်းတွင်းမှ အိမ်သာရေများဖြင့်သာ ရေချိုးနေကြရသည်ဟု သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အနေဖြင့် စုံစမ်းမှုများပြုလုပ်ကာ ကျူးလွန်သူများကို ဖော်ထုတ်သွားမည်ဖြစ်ပြီး အရေးယူမှုများကိုလည်း လူ့အခွင့်အရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်အသိပေးထားသည်။
မေလ (၂၇) ရက်နေ့အထိ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဖမ်းဆီးထားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စုစုပေါင်း (၂၉,၁၈၈)ဦးရှိသည့်အနက် (၂၂၀၅၅) ဦးမှာ ထိန်းသိမ်းခံထား ရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။