Home သတင်း ဗုံးကြဲခြင်းနှင့် လက်နက်ကြီးကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၁ ဦး သေဆုံးခဲ့

ဗုံးကြဲခြင်းနှင့် လက်နက်ကြီးကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၁ ဦး သေဆုံးခဲ့

155
Photo: CJ

မေလ ၇ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်ကောင်စီက အပစ်အခတ်ရပ်စဲထားသည့် ဧပြီလအတွင်း လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၇၁ ဦး သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီး သမဂ္ဂ-BWU က ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလအတွင်း သေဆုံးသူအမျိုးသမီးများထဲတွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၅၉ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇ ဦး နှင့် ၅ ဦးတို့မှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး အသက် ၁၈ နှစ်အောက် ၁၃ ဦး ပါဝင်သည်ဟု BWU က ပြုစုထားသည့် စာရင်း၌ ဖော်ပြထားသည်။

အဆိုပါ ဧပြီလအတွင်း ထိခိုက် ဒဏ်ရာရသည့် အမျိုးသမီး အရေအတွက်မှာလည်း ၅၀ ဦးအထိ ရှိပြီး ထိခိုက်ဒဏ် ရာများရရှိခဲ့သည့် အမျိုးသမီးများမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၀ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄ ဦးနှင့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်က မုဒိမ်းပြုကျင့်ခြင်းကြောင့် ၁ ဦး ပါဝင်သည်ဟု BWU ၏ လချုပ်စာရင်း၌ ဖော်ပြထားသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ၂၀၂၁ နောက်ပိုင်းမှာ ပိုပိုပြီးဆိုးလာတယ်။ အဲ့ဒီထဲမှာ အမျိုးသမီးတွေက စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးကြရတယ်။ အဲ့ထဲမှာလည်း အသက် ၁၈ နှစ် အောက်ကလေးတွေလည်း ပါဝင်တယ်။ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေက ပြင်းထန် တဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်”ဟု BWU တွဲဖက်အတွင်းရေးမှူး-၁ မဝေက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် လူသားမျိုးနွယ်အပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို ကျုးလွန်မြဲဖြစ်ကာ သဘာဝဘေးအန္တရာယ်ကြုံသော ပြည်သူများအပေါ် ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများ ယခင်လများထက် ပိုမိုပြုလုပ်လျက်ရှိသည်ဟု လေ့လာတွေ့ရှိရကြောင်း ထုတ်ပြန်ချက်အတွင်း ထပ်ဆင့်ဖော်ပြထားသည်။