မေ ၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ်၊ သံလွင်မြစ်အတွင်း စစ်ကောင်စီက စစ်သင်္ဘော စခန်းများတိုးချထားပြီး စစ်ရေးပြင်ဆင်မှုများ ရှိသည်ဟု ဖားအံမြို့ခံများက ပြောသည်။
အဆိုပါ ဖားအံမြို့နယ်၊ သံလွင်မြစ်အတွင်း စစ်သင်္ဘောစခန်းများမှာ ဖားမဲတောင်နေရာတွင် တစ်နေရာ တရုတ်လှ ကျေးရွာအနီး ကမ်းနား၌ တစ်နေရာ၊ တရုတ်လှနှင့်ဖားကပ် ကျေးရွာကြားရှိ ရေလယ်တွင် တစ်နေရာ စစ်ကောင်စီ စစ်သင်္ဘောများ တိုးချဲ့ကျောက်ချ စခန်းထိုင်နေသည်ဟု မြို့ခံတို့က ပြောသည်။
စစ်ကောင်စီ စစ်သင်္ဘောကျောက်ချထားသည့် စခန်းအနီး သင်္ဘောတစ်စီးလျှင် Speed Boad ၃ စီးခန့် အသင့်ချထားသည်ဟု မြို့ခံ တစ်ဦးက ယခုလို ပြောသည်။
“ဖားမဲတောင်ခြေနေရာမှာ သင်္ဘောဆိုက်ထားတာရှိတယ်။ တရုတ်လှအနီး သံလွင်တံတားနား ရေလယ်ခေါင်မှာ လည်း စစ်သင်္ဘောတွေ ထားတာရှိတယ်။ ကြာတော့ကြာပြီး ခံစစ်အနေနဲ့ လုပ်ထားတဲ့သဘော၊ ဒါပေမယ့် အခု ပိုများလာတယ်။ တစ်နေရာကို စစ်သင်္ဘော ၂ စီး ၃ စီးလောက် ရှိလာတယ်။ ပြီးတော့ အရေးပေါ်အတွက် မော်တော်ဘုတ် စက်လှေတွေလည်း ထားတာတွေ့နေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ဖားအံမြို့အတွင်းရှိ စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာ ရုံးများတွင်လည်း ဘန်ကာများ ပြုထားခြင်း ရှိသည့် အပြင် ဖားအံမြို့တစ်မြို့လုံးကို မြင်ရသည့် ဇွဲကပင်တောင်နှင့်ကပ်လျက် ကြာအင်းတောင်တွင်လည်း ခံစစ်အနေ အထားအဆင်သင့် ပြုလုပ်ထားခြင်းရှိသည်ဟု သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလမှ စတင်၍ သံလွင်မြစ်အနောက်ဘက်ရှိ နှစ်ခြားရွာတွင် စစ်ကောင်စီတပ် အင်အား အယောက် ၂၀ ကျော် သွားရောက်စခန်းချထားပြီး လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် ကော့ကရိတ်မြို့နယ် ဂျိုင်းမြစ်အရှေ့ဘက်ခြမ်းတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲပြင်းထန်လာသည့်အတွက် ဖားအံမြို့အနီးဝန်းကျင်အထိ ကူးစက်လာမည်ကို စစ်ကောင်စီ ဘက်က စိုးရိမ်လျက်ရှိသည်ဟု သိရသည်။
တဆက်တည်းတွင် လက်ရှိ ဖားအံမြို့နယ်အတွင်း စစ်မှုထမ်းခေါ်ယူမှုအစီအစဉ် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကာ ဖားအံမြို့တွင်းနှင့် မြို့ပြင်ရှိ စစ်ကောင်စီထိန်းချုပ်သည့် ကျေးရွာများတွင် စစ်မှုထမ်း အတွက် တစ်အိမ်ကို ၁၀,၀၀၀ ကျပ် ကောက်ယူသည့်အပြင် အချို့ကျေးရွာများတွင် ၁၅,၀၀၀ ကျပ်အထိ ကောက်ယူနေသည်ဟု ဒေသခံများက ပြောသည်။



















