မေ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ထီးခီးနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းမှ ထိုင်းဘက်ထွက်ပြေးသွားသူအချို့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ယမန်နေ့ညက ထွက်ခွာသွားပြီဖြစ်ကြောင်း ကေအဲန်ယူနှင့် ထိုင်းနယ်စပ်သတင်းအရင်းအမြစ်ထံမှ သိရသည်။
KNLA ပူးပေါင်းတပ်၏ ထိုးစစ်အသွင် အရှိန်မြှင့် တိုက်ခိုက်မှုအတွင်း ထီးခီးစခန်း၌တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသည် ထိုင်း-မြန်မာနယ်စပ်မျဥ်းကိုဖြတ်ပြီး ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ နယ်ထဲသို့ အဖွဲ့ခွဲကာ ရက်ခြား ထွက်ပြေးရောက်ရှိသွားခြင်းဖြစ်သည်ဟု ကေအဲန်ယူဘက်က ကေအိုင်စီသို့ အတည်ပြုပြောဆိုထားသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် အချို့မှာ ထီးခီးနယ်စပ်မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ထိုင်းအာ ဏာပိုင်များ၏အစီအမံဖြင့် ယမန်နေ့ညက ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း ကေအဲန်ယူနှင့် ထိုင်းနယ်စပ်သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။
“ထိုင်းဘက်ရောက်သွားတဲ့ ဗမာစစ်သားတွေထဲက တချို့ကတော့ မနေ့ကညပိုင်းလောက်ကပဲ ရနောင်း ကိုထွက်သွားပြီပြောတယ်။” ဟု တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖိုးလေးက ကေအိုင်စီသို့ ယနေ့ပြောသည်။
ထိုင်းဘက်ထွက်ပြေးသည့် ထီးခီးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ရဲတပ်ဖွဲ့ဝင်အချို့လည်း ပါဝင် နေရာ စစ်သားများကို ရနောင်းနယ်စပ်ဘက်သို့ ပို့ပြီး ရဲတပ်ဖွဲ့ဝင်များကို ထိုင်း လူဝင်မှုကြီးကြပ်ရေးမှ မြန်မာဘက်သို့ ပြန်ပို့ရန်စီစဥ်နေသည်ဟုလည်း ထိုင်းနယ်စပ်သတင်းအရင်းမြစ်က ဆိုသည်။
ထို့အပြင် ထီးခီးစခန်းမှထွက်ပြေးလာသူများထဲတွင် ခြေလျင်တပ်ရင်း ခလရ-၂၅ ၏ ဒုတပ်ရင်းမှူး နန္ဒအောင်ဆိုသူလည်း ပါဝင်နေကြောင်း သိရသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက “သူတို့ကို ထိုင်းဘက် လူဝင်မှုကြီးကြပ် ရေးက တစ်ဆင့်ပြီးတစ်ဆင့် လွဲပေးသွားမယ်လို့ သိရတယ်။ ဒုတပ်ရင်းမှူး ဟုတ်မဟုတ်တော့ မသိဘူး၊ သိထားတာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့မှ ထီးထာစခန်းကို ရောက်လာတဲ့ နန္ဒအောင် ဆိုသူတစ် ယောက် တော့ပါတယ်။ သူ့ကိုတော့ ထိုင်းဘက်က တစ်ဆင့်ပြီး တစ်ဆင့်လွှဲသွားမယ် ထင်တယ်။” ဟု ပြောသည်။
ထီးခီးစခန်းတွင် ဧပြီလ(၁၉)ရက်နေ့က ထီးမိုပွာအထူးဒေသ၊ ထီးထာဗျူဟာစခန်းကျပြီး အင်အားပူး ပေါင်းလာသော လက်ကျန်တပ်သားများ၊ လေကြောင်းဖြင့်လာချပေးသော တပ်ဖွဲ့ဝင်များ၊ နဂိုမူလရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၃၀ ဝန်းကျင် တပ်စွဲထားသည်။
ထီးထာစခန်းသိမ်းတိုက်ပွဲပြင်းထန်နေစဥ်ကတည်းက ထိုင်းအာဏာပိုင်နှင့်တာဝန်ရှိ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကန်ချနပူရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အခြေအနေကို ကင်းလှည့်စစ်ဆေးခြင်း၊ စောင့်ကြည့်လေ့လာခြင်းတို့ ပြုလုပ်နေကြောင်းလည်း ထိုင်းသတင်းများက ဖော်ပြကြသည်။