မေ ၈ ရက်၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်းအတွင်း စစ်ကောင်စီက ဧပြီလနောက်ဆုံးအပတ်မှစ၍ စက်သုံးဆီ သယ်ဆောင်ခွင့်ကို ကန့်သတ်လိုက်သည့်အတွက် ခရိုင်အတွင်းရှိ မြို့နယ်များတွင် စက်သုံးဆီပြတ်လပ်မှုများနှင့် ကြုံတွေ့လာရသည်ဟု ဒေသခံများက ပြောဆိုသည်။
ယခုလို စက်သုံးဆီ ဝယ်ယူ၊ သယ်ဆောင်ခွင့် ကန့်သတ်ထားခြင်းကြောင့် ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာ များနှင့် လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်များရှိ ဆီဆိုင်အများစုတွင် စက်သုံးဆီပြတ်လပ် မှုများနှင့် အလုံအလောက်ဝယ်ယူခွင့်မရခြင်းများ ကြုံတွေ့လာသည်ဟု လောင်းလုံးမြို့နေ ဒေသခံတစ်ဦးက ပြောဆိုသည်။
“အခုဆီတွေက ထားဝယ်မြို့ပေါ်မှာပဲ ရတယ်။ အဲ့ဒီနေရာကလွဲရင် ကျန်တဲ့နေရာတွေမှာ ဆီတွေပြတ်တဲ့အထိ ရှိနေတယ်။ ပြီးတော့ မြို့နယ်ဘက်က ဆီဆိုင်တွေမှာ ဆိုင်ကယ်ကလွဲပြီး ထည့်လို့မရတော့ဘူး။ ဘူးခွံတွေနဲ့လည်း ထည့်ပြီးမရောင်းပေးတော့ဘူး။ ဆီဆိုင်တစ်ဆိုင်မှာ တစ်ရက်ကိုတစ်ကြိမ်အထိပဲ ထည့်လို့ရတယ်။ ဈေးကြီးပေးပြီး ဝယ်တာတောင် အဆင်မပြေတဲ့ အခြေနေမှာ ရှိနေပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ယခုလို စစ်ကောင်စီက စက်သုံးဆီဝယ်ယူခွင့် ကန့်သတ်လိုက်သည့်အတွက် တစ်နိုင်တစ်ပိုင် ကုန်တင်လုပ်ငန်း လုပ်ဆောင်သူများ၊ သုံးဘီး ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ဆီဖြည့်မည်ဆိုပါက ထားဝယ်မြို့ပေါ်အထိ သွားရောက်ဆီဖြည့် နေရသည်ဟု ၎င်းက ထပ်မံ ပြောဆိုသည်။
ထို့အပြင် စက်သုံးဆီပြတ်လပ်မှုကြောင့် စစ်ဘေးရှောင်နေသူများထံသို့ သွားရောက်ကူညီသူများ အနေဖြင့်လည်း သက်ရောက်မှုများ ရှိသည်ဟု စစ်ဘေးရှောင် မြေပြင်အနီးကပ်ကူညီနေသူတစ်ဦးက ယခုလို ပြောဆိုသည်။
“စစ်ဘေးရှောင်တွေ အများစုက တောတောင်လိုနေရာတွေမှာ နေရတာ ဖြစ်တဲ့အတွက် သူတို့ဆီ ကိုရောက်အောက် သွားဖို့က လမ်းကြောင်းအခြေနေအရရော အခုဆိုစက်သုံးဆီ ပိတ်ဆို့မှုတွေ ရှိလာတဲ့အတွက် အခက်အခဲ ကြုံတွေ့ နေရ တာတွေ ရှိလာပါတယ်”ဟု ၎င်းက ပြောဆိုသည်။
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်လာခြင်းနှင့်အတူ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ ယခင်ထက် ပိုမိုမြင့်တက်လာပြီး စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်ချက်များကြောင့် စစ်ဘေး ရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်ချက်ရှိနေသည်ဟု ကူညီနေသူ အများစုက ပြောသည်။
ထို့အပြင် တနင်္သာရီတိုင်း မြို့နယ်များတွင် စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုများနှင့် အတူ ရက်ရှည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၆၀,၀၀၀ ဦး နီးပါးအထိ ရှိသည်ဟု သုတေသန အဖွဲ့ဖြစ်သည့် FE 5 Tanintharyi ရဲ့ ထုတ်ပြန်ချက်များအရ သိရသည်။