မေ ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ ကရဝေး ဆိပ်ရွာ၊ တောင်ထန်းခြံ၌ အမျိုးသမီးတစ်ဦး ဖက်ပစ်နေစဉ် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ဦးခေါင်းထိမှန် သေဆုံးသွားသည်။
အဆိုပါ ဖြစ်စဉ်မှာ မေ ၁၀ ရက်နေ့ ညနေ ၄ နာရီကျော် အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင် စီ အမှတ်-၄၄ ခြေမြန်တပ်မ ဌာနချုပ်က ယခုလို ကျေးရွာအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီး ၂ ကြိမ် ပစ်ခတ် ခဲ့ပြီး အသက် ၆၆ နှစ် အရွယ် ဒေါ်ခင်အေး ဆိုသူကို ယခုလို ထိမှန် သေဆုံးသွားခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ဗဟို က ထုတ်ပြန် ပြောသည်။
ထို့အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် အလူးကျေးရွာအုပ်စု၊ ဝင်းကံကျေးရွာ၊ ကရဝေးဆိပ်ရွာ အတွင်းရှိ နေအိမ်(၁၂)လုံးသည် လက်နက်ကြီးစထိမှန်ပြီး ထိခိုက်ပျက်စီးခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဒူးသထူ ခရိုင်အတွင်း စစ်ကောင်စီက မေ ၁၀ ရက်နေ့ ညနေပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာသို့ ဗုံး ၅ လုံးကြဲ ခဲ့ပြီး အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၄ လုံးပျက်စီးသွားခဲ့သည်။
ထို့နောက် မေ ၁၁ ရက်နေ့တွင်လည်း ဝင်းကံ ကျေးရွာသို့ စစ်ကောင်စီက ထပ်မံ၍ ပေါင် ၅၀၀ ဗုံးတစ်လုံးနှင့် ပေါင် ၂၀၀ ဗုံးတစ်လုံးစီကြဲချခဲ့ရာ ရွာရှိ ဦးစိန်မျက်ခုံး အိမ်ပေါ်သို့ ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲပြီး အိမ်ပြိုကျ ပျက်စီး သွားခဲ့သည်။
ထို့အပြင် ဦးစောမြထူးအိမ်ရှေ့၌ ပေါင် ၂၀၀ ဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ပြိုကျပျက်စီးသွား သလို ဦးမောင်နိုင်၊ ဒေါ်စန်း၊ ဒေါ်ခင်ချို၊ ကိုကြီးသာ၊ ကိုကိုဦး၊ ကျော်ဆန်းဦး၊ ကိုကြည်ဝင်း၊ ကိုစန်းလွင်၊ ဦးလှသိန်း၊ ဦးသိန်းတန်နှင့် ဦးခင်မောင်အေး စသည်တို့ ၏ နေအိမ်များ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ သေးသည်။
ယခုလို ဗုံးကြဲခံရမှုကြောင့် ဦးမောင်နိုင် (၅၃) နှစ် သည် လက်ကောက်ဝတ် ကြေမွ ဒဏ်ရာရရှိခဲ့ပြီး အသက်(၁၃) နှစ်အရွယ် မောင်မြင့်မြတ်ထွေး သည်လည်း ကျောပြင်၌ ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။