Home သတင်း ကျုံဒိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်း တော်လှန်ရေးတပ်ထံ လက်နက်အပ်ပူးပေါင်း

ကျုံဒိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်း တော်လှန်ရေးတပ်ထံ လက်နက်အပ်ပူးပေါင်း

662
Photo: Social Media

မေ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကျုံဒိုး-ကောကရိတ် အာရှလမ်း တိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းမှ တပ်သား ၁၀ ဦးထက်မနည်း တော်လှန်ရေး ပူးပေါင်းတပ်များဘက်သို့ လက်နက်အပ်နှံ ပူးပေါင်းမှုများရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယခုလို စစ်ကောင်စီ တပ်သားများ တော်လှန်ရေးတပ်များထံ လက်နက်အပ်နှံ ပူးပေါင်းမှုများ ဖြစ်ပေါ်နေသည့် အပြင် တချို့ ထွက်ပြေးလွတ်မြောက်သွားသည့် တပ်သားများလည်း ရှိနေသည်ဟု စစ်ရေးသတင်းရင်း မြစ်များ ထံမှ သိရသည်။

“ဒီကျုံဒိုးတပ်တွေကို ရောက်လာတဲ့စစ်သားသစ်တွေ ထွက်ပြေးတာ မတ်လကနေ့ အခုမေလ အထိက KNLA စစ်ကြောင်း တွေဆီ ရောက်လာတာ၊ ဖမ်းမိတာ၊ လက်နက်နဲ့ လာပူးပါင်းတာဆိုရင် ၁၀ ယောက်ကျော်၊ ၁၅ ယောက်လောက်ရှိတယ်။ ဒါတောင် ကျနော်တို့ဆီရောက်မလာဘဲ သူတို့ထွက်ပြေးကုန်တာတွေလည်း ရှိတယ်။ အခု ကျုံဒိုးတပ်တွေ စစ်ကြောင်းထွက် တိုက်ဖို့အခက်တွေ့နေတယ်။ ပြေးတဲ့သူတွေ ရှိနေလို့ပါ” ဟု ကျုံဒိုးစစ်ရေး နယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် ကျုံဒိုးမှ ကော့ကရိတ်သို့ တပ်ဖြန့် စစ်ကြောင်းထွက်မည့် စစ်ကောင်စီတပ် အင်အား၂၀၀ ခန့်ကို ထုတ်နုတ်ပြီး စစ်ကြောင်းစုကာ သာမည၊ လွန်းည၊ အိန္ဒု၊ ဇာသပြင် ကျေးရွာများဘက်သို့ တပ်ဖြန့် လုံခြုံရေးယူရန် ကျုံဒိုးမြို့ စစ်တပ်တပ်ရင်းများမှ ပြန်လည်တပ်ဆုတ်မှုရှိနေသည်ဟု သတင်းရရှိထားသည်။

“စစ်တပ်က ဖားအံက ပြန်ကာမယ့်သဘော ကျုံဒိုးတပ်တွေပြန်ဆုတ်ခိုင်းပြီး၊ ဂျိုင်းကနေ ဇာသပြင်၊ အိန္ဒု၊ လွန်းည အထိ ရွာတိုင်းမှာ စစ်ကြောင်း ကင်းထိုးတာတွေ လုပ်ထားတယ်။ ထိခိုက်ဖျားနာတွေလည်း သယ်သွားတယ်၊ အခု မေ ၇ ရက်အထိက လက်နက်ကြီးပစ်တယ်။ လေယာဉ်ကြဲတယ်။ မြေပြင်ကတော့ ထွက်မတိုက်တော့ဘူး။ ရှိတဲ့ နေရာ နားကပ်လာရင် ခံပစ်တာမျိုးဘဲလုပ်တယ်” ဟု ကော့ကရိတ်- ကျုံဒိုးလမ်း ပိုင်းတိုက်ပွဲ အခြေအနေကို သိသူ သတင်းအရင်းအမြစ်က ပြောသည်။

လတ်တလော ကော့ကရိတ်၊ ကျုံဒိုး၊ အာရှလမ်းပိုင်း နေရာရှိ တတန်ကူး၊ မိချောင်းအင်း၊ ရန်ကုတ်၊ ကိုးတိုင်၊ ကော့ဝါလဲ၊ နွားခြံကုန်းနေရာများတွင် စစ်ကောင်စီ တပ်ကင်းစခန်းများနှင့် KNLA မဟာမိတ် တပ်များတိုက်ပွဲ ဆက်ဖြစ်နေသည်ဟု စစ်ရေးနယ်မြေ တာဝန်ရှိသူများက ပြောသည်။