Home သတင်း ကျိုက်ထို ဝင်းကံရွာ ဗုံးကြဲခံရ ၂ ဒဏ်ရာရ အိမ် ၄ လုံး မီးလောင်

ကျိုက်ထို ဝင်းကံရွာ ဗုံးကြဲခံရ ၂ ဒဏ်ရာရ အိမ် ၄ လုံး မီးလောင်

511

မေ ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁) နယ်မြေ၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံ ကျေးရွာသို့ စစ်ကောင်စီက မေ ၁၀ ရက်နေ့ ညနေ ၄ နာရီတွင် Y-12 လေယာဉ်ဖြင့် ဗုံး ၅ လုံးကြဲချခဲ့ရာ နေအိမ် ၄ လုံးနှင့် အပစ်မဲ့ ပြည်သူ ၂ ဦး ဒဏ်ရာရ သွားသည်ဟု တာဝန်ရှိသူများထံမှ ကနဦး သိရသည်။

ယခုလို စစ်ကောင်စီ ဗုံးကြဲမှုကြောင့်ဝင်းကံရွာရှိ အပြစ်မဲ့ရွာသား စောဖိုးလင်းလင်း အသက် (၃၁) နှစ်၊ (ဘ) ဦးရွှေသိန်း သည် နဖူး၊ ပေါင်၊ လက်မောင်းတို့၌ ဗုံးစဖောက်ဝင် ဒဏ်ရာရရှိ သွားသလို၊ စောနေတိုး အသက် (၁၈) နှစ်၊ (ဘ) ဦးမရမ်းကုန်း ၏ သားမှာလည်း ဘယ်ဘက်နားထင်ကွဲ ဒဏ်ရာများ ရရှိသွားသည်။

ထို့အပြင် အဆိုပါ ဝင်းကံကျေးရွာရှိ ဦးမောင်အုန်းကြည်၊ ဦးနိုင်လင်းဦး၊ ဦးပိုရိုး၊ ဖြူဝင်းတို့၏ နေအိမ် ၄ လုံးမီးလောင် ကျွမ်းသွားခဲ့ပြီး ဖားထာခိုနှင့် ဦးခင်မောင်ဌေးတို့၏ နေအိမ် ၂ လုံး ဗုံးစထိမှန် ပျက်စီးသွားခဲ့သည်။

လက်ရှိ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများကို မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး ပြည်သူများ လေကြောင်းရန် သတိထားနေထိုင် သွားလာရန် တာဝန်ရှိသူများက နိုးစော်ထားသည်။

စစ်ကောင်စီအနေဖြင့် တော်လှန်ရေး တပ်များနှင့် ပြည်သူလူထုကြား သွေးကွဲစေရန် ရည်ရွယ်ပြီး အရပ်သားပြည် သူများ ရှိရာသို့ ဗုံးကြဲနေသော်လည်း ထိုဗျူဟာသည် အောင်မြင်မည် မဟုတ်သလို စစ်ရေးအရလည်း အသာစီး မရ နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှ ဗျူဟာမှူး ကိုနွယ်နီက Red News Agency သို့ ပြောဆိုသည်။