“တစ်နေ့စာ တစ်နေ့စာကို ပုံမှန်ပြန် လုပ်သွားရင် ဘာမှတော့ အခက်အခဲမရှိဘူးလို့ ထင်တယ်” နော်လာဗန်ဒါ
<<<<<>>>>>
ကော်သူးလေအစိုးရစစ် ၁၂ တန်း အဆင့်တစ်ဖြင့် အောင်မြင်ခဲ့သူ နော်လာဗန်ဒါနှင့် မေးမြန်းချက်
မေလ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန အခြေခံပညာ ၁၂ တန်း ၂၀၂၄-၂၅ ပညာသင်နှစ် ကော်သူးလေ အစိုးရစစ် စာမေးပွဲကို ပြီးခဲ့သည့် မတ်လအတွင်းက ကေအဲန်ယူ၊ ခရိုင် (၇) ခုမှာ ပြုလုပ်ကျင်းပခဲ့သည်။ ထိုစာမေးပွဲ ဖြေဆိုချိန် စစ်ဖြစ်ပွားနေသည့် ကာလဖြစ်၍ လေကြောင်းရန်နှင့် လက်နက်ကြီးရန် တွေကြားထဲမှ ကျောင်းသူ ၉၈၄ ဦး၊ ကျောင်းသား ၅၅၃ ဦးဝင်ရောက်ဖြေဆိုခဲ့သည်ဟု ကရင်ပညာရေးဌာန စာရင်းအရ သိရသည်။
စာမေးပွဲ အောင်စာရင်းကို ဧပြီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ကျောင်းသူ ၆၆၈ ဦး၊ ကျောင်းသား ၃၀၁ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ အောင်မြင်သူ များထဲမှ Top Ten စာရင်းတွင် အဆင့်တစ် ရရှိခဲ့သည့် တောင်ငူခရိုင် ထိုလွီဝါးအထက်တန်းကျောင်းမှ ကျောင်းသူ နော်လာဗန်ဒါနှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။
မေး။ ။ ကရင်ပညာရေးဌာနရဲ့ ၁၂ တန်း ဗဟိုအစိုးရစစ် စာမေးပွဲမှာ ကော်သူးလေတစ်ခုလုံးမှာ အဆင့် တစ် ပထမနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့အပေါ် ညီမရဲ့ ခံစားချက်ကို ပထမဦးဆုံး ရှင်းပြပေးပါ။
ဖြေ။ ။ တကယ်တော့ ညီမက အခုလိုအဆင့်တစ်ရမယ်လို့ မမှန်းထားဘူး။ အခုလို ပထမရတော့ အရမ်းပဲ ပျော်ရွှင်မိပါတယ်။ နောက်ပြီး စာမေးပွဲ ဖြေရတော့မယ့် အချိန်မှာ ညီမ ဗိုက်အရမ်းနာတဲ့ ဝေဒနာခံစားနေရလို့ ဆေးခန်းပြပြီး ဆေးသွင်းရတဲ့အထိ ဖြစ်ခဲ့တယ်။
မေး။ ။ အခြေခံပညာရေးအတွက် ညီမတက်ရောက်ခဲ့တဲ့ကျောင်းတွေကိုလည်း ပြောပြပေးပါ။ နောက်သင်ကြားရေးအပိုင်းမှာလည်း ဘယ်လို သင်ယူလေ့လာခဲ့ရပါသလဲ။
ဖြေ။ ။ ညီမက မြစ်ဝကျွန်းပေါ် ဇာတိဖြစ်တယ်။ ညီမနေခဲ့တဲ့ (……မြို့) နဲ့၊ (……) ရွာမှာ သူငယ်တန်း ကနေ ၈ တန်းအထိ တက်ရောက်ခဲ့တယ်။ တက်ခဲ့ချိန်တုန်းကလည်း ဆရာ၊ ဆရာမတွေက အကောင်း ဆုံးသင်ပေးခဲ့ပါတယ်။ အခြေခံတွေလည်း ကောင်းကောင်းလေးရခဲ့တယ်လို့ ထင်ပါတယ်။ သင်္ချာတို့၊ အင်္ဂလိပ်စာတို့ စသဖြင့် အခြေခံကောင်းတယ်လို့ ပြောလို့ ရတယ်။ သို့ပေမယ့်လည်း သင်ခန်းစာနဲ့ ဘာသာရပ်အများစုကတော့ ကျက်ပြီးတော့ ဖြေရတယ်။
ဒီဘက်ကော်သူးလေ ကရင်ပညာရေးဌာနလက်အောက်ခံ ကျောင်းကို ရောက်တော့ လက်တွေ့ အပိုင်း တွေပိုများ တယ်။ နောက်ဦးဆောင်ဦးရွက် ပြုနိုင်ဖို့ သင်တာတွေများတယ်။ ကျောင်းစာပိုင်းမှာတင် မဟုတ်ဘဲ အခြားကဏ္ဍ တွေမှာပါ ကိုယ်က တိုးတက်လာတယ်လို့ ခံစားရတယ်။
နောက်ကျောင်းမှာက တခြားလှုပ်ရှားဆောင်ရွက်ရတဲ့ဟာတွေ အုပ်စုဖွဲ့ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်း တွေလည်း ရှိလာတော့ ဦးဆောင်မှုအပိုင်းမှာ ပိုပြီးတော့ တိုးတက်လာတယ်။ ပြောချင်တာက ကျောင်းစာအပြင် ကျောင်းသားတစ်ဦးရဲ့ ဦးဆောင်မှုနဲ့ တခြားသောတိုးတက်မှုအပိုင်း တွေကိုလည်း ဦးစားပေးလို့ အခုလို ဒီကျောင်းကို ကြိုက်နှစ်သက်ပြီး ပြောင်းတက်လာတာ ဖြစ်ပါတယ်။ အခုလို သင်ကြားတဲ့ စနစ်က ပိုကောင်းတယ်လို့ လည်းခံစားရတယ်။
မေး။ ။ အခုလို ညီမကိုထူးချွန်အောင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေအပေါ်ကိုရော ဘယ်လို ကျေးဇူးတင် စကားပြောချင်ပါသလဲ။
ဖြေ။ ။ အခု ထိုလွီဝါးကျောင်းမှာ ဆရာ၊ ဆရာမတွေက လစာရလို့ သင်ပေးနေတဲ့ ပုံစံမျိုးမဟုတ်ဘူး။ ကိုယ်ခံစားရတာ တကယ့်စေတနာအရင်းခံနဲ့ သင်ကြားပေးနေတာ၊ တပည့်တွေအပေါ် နွေးနွေး ထွေးထွေးနဲ့ သင်ကြားပေးတယ်။ အဲ့တော့ ညီမစိတ်ထဲ ဘယ်လိုပြောရမလဲ စိတ်သက်သက် သာသာနဲ့ သင်ယူနိုင်ခဲ့တယ်။ အဲဒီလို သင်ယူနိုင်ခွင့်ရှိတဲ့ အခါကျတော့ ပိုကောင်းတယ်ပေါ့နော်။
သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူးတွေကို ညီမဘယ်တော့မှာ မေ့မှာမဟုတ်ဘူး။ တကယ် လည်း ကျေးဇူးတင်တယ် ပေါ့နော်။ ပြောလို့ရှိရင်လည်း မကုန်နိုင်တော့ဘူးပေါ့နော်။ သူတို့အသင် အပြကောင်းလို့၊ စေတနာထားလို့ ကျမဆို လူမှုဆက်ဆံရေးအပိုင်းမှာလည်း အတော်လေးကို တိုးတက်လာခဲ့တယ်။
မေး။ ။ ညီမရဲ့ ဆက်ပြီးအဆင့်မြင့်ပညာ သင်ကြားသွားဖို့ ဘယ်လို ရည်မှန်းထားသလို ပြောပြပေးပါ။
ဖြေ။ ။ ညီမ အဆင့်မြင့်ပညာဆက်သင်ဖို့အတွက် ရည်မှန်းထားတာ ဂျူနီယာကောလိပ် ၂ နှစ် ဆက်တက်သွား ဖို့ရှိတယ်။ နောက်ပြီးတော့ (ကျမ်းစာကျောင်း KPPST) ကျောင်းကိုလည်း တက်ဖို့ ရည်မှန်းထားတယ်။
မေး။ ။ အခုလို ထူးချွန်ဖို့အတွက် ကျောင်းဘာသာရပ်တွေကို ဘယ်လိုပုံစံမျိုးနဲ့ လေ့လာ သင်ယူခဲ့လဲဆိုတာက ဝေမျှပေးပါ။
ညီမကတော့ ဘာသာရပ်တိုင်းကို မသင်ကြားခင်မှာပေါ့ ပထမဦးဆုံး အရင်ဖတ်ကြည့်တယ်၊ နားလည်အောင်လည်း လုပ်တယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေ သင်ကြားတဲ့အခါမှာ သေချာလေး နားထောင်ပြီးတော့ ကိုယ့်အတွက်မရှင်းတဲ့ စာတွေဆို ကိုယ်ကပြန်ပြီး ဆရာ၊ ဆရာမတွေကို ရှင်းပြခိုင်းတယ်။ ပြီးတော့ တစ်နေ့စာ တစ်နေ့စာကို ပုံမှန်ပြန် လုပ်သွားရင် ဘာမှတော့ အခက်အခဲမရှိဘူးလို့ ထင်တယ်။
ပြီးတော့ ဒီဘက်မှာဆိုရင် ဆရာ၊ ဆရာမတွေက စာကြီးပဲ သင်ကြားတာထက် လက်တွေ့ ပိုပြီးတော့ လုပ်တဲ့ အခါကျတော့ ပိုပြီးတော့ ထင်သာမြင်သာရှိတဲ့အခါကျတော့ သင်ယူရတာလည်း ပိုပြီးတော့ လွယ်ကူတယ်ပေါ့နော်။ စာလေ့လာတဲ့အခါကျတော့ ပုံမှန်ပဲ၊ နားထောင်တယ်၊ ကိုယ်မရှင်းတာတွေကို ပြန်မေးတယ်။ ကျောင်းချိန်ပြီး အဆောင်ပြန်ရောက်ရင် စာတွေပြန်လုပ်တဲ့အချိန်မှာ နားမလည် တာရှိ လာရင် ဆရာ၊ ဆရာမတွေ အဆောင်ထိ စာသွားပြန်မေးတာတွေလည်း လုပ်ခဲ့တယ်။
မေး။ ။ မြစ်ဝကျွန်းပေါ်ကနေ လာတက်တဲ့အတွက် ဘာသာစကားအနေနဲ့ ဘယ်လိုအခက်အခဲ ရင်ဆိုင်ကြုံတွေ့ ခဲ့ရလဲ။ တခြားသော ကျောင်းသူကျောင်းသားတွေအတွက် ဘာသာစကားနဲ့ ပတ်သက်ပြီး ဘယ်လို အကြံပြုပြောချင်ပါလဲ။
ဖြေ။ ။ ညီမတို့ မြစ်ဝကျွန်းပေါ်မှာဆိုရင် ကရင်စကားနဲ့ ဗမာစကားပဲ ပြောကြတာ၊ သုံးကြ တာများ တယ်။ ကရင်ဆို ပိုးနဲ့ စကောကရင်စကားပဲရှိတယ်။ ဘာသာစကားတွေ အဲ့လောက်ထိ မကွဲဘူး။ မများ ဘူး။ ဒီဘက်ကိုရောက်တဲ့ အခါကျတော့ ဘာသာစကားပေါင်းစုံကိုတွေ့ရတယ်။ ကိုယ်ကတော့ သင်ယူရ တာပဲပေါ့နော်။ ဆရာ၊ ဆရာမတွေနဲ့ ပြောဆိုဖို့အတွက်လည်း သူတို့ သုံးတဲ့ ဘာသာစကားတွေကို သင်ယူရတာပဲပေါ့နော်။ လေ့လာရတာပဲပေါ့နော်။
ပြီးတော့ လူတွေနဲ့ စကားများများ ပြောပေးရမယ်ပေါ့နော်။ ညီမကတော့ စကားလိုက်ပြောတယ်။ ပြီးတော့ ဒီဒေသမှာက ကရင်မျိုးနွယ်စုတွေ ဖြစ်တဲ့ ဘွဲ၊ ဂယ်ပါး၊ ကညောဝါးရော နောက်ပအိုဝ်းတွေရော စသဖြင့်လူမျိုးပေါင်းစုံ လာတယ်။ ဆိုတော့ ကရင်စကားတစ်ခုထဲကိုပဲ မနားလည်နိုင်ခဲ့ကြဘူးပေါ့နော်။ တခါတရံ ဗမာစကားသုံးတယ်။
ဒီတော့ ဘာသာစကား ခက်ခဲတယ်လို့ မမှတ်ယူဘဲ ကိုယ်ကသင်ယူရမယ်။ ကြိုးစားရမယ်လို့ ပြောချင်တယ်။ ဘာသာစကားခက်ခဲတယ်လို့ မမှတ်ယူစေချင်ဘူး။ စိန်ခေါ်ချက်တစ်ခုလို မမှတ်ယူ စေချင်ဘူး။ ဒါကို အောင်နိုင် အောင်လုပ်ရမယ်ဆိုတဲ့ စိတ်ထားပြီးတော့မှ သင်ယူသွားမယ်ဆို ကိုယ့် အတွက် လွယ်လွယ်လေး ဖြစ်သွားမယ်လို့ အကြံပေး တိုက်တွန်းပြောလိုပါတယ်။
မေး။ ။ တခြားသော ကျောင်းသားတွေကိုရော ဘယ်လိုအားပေးစကား ပြောချင်ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ ကျမတို့ ပညာသင်နေရတဲ့ကာလက နိုင်ငံရေးအခြေအနေတွေကြောင့်ပေါ့ ၊ အေးအေး ချမ်းချမ်း ပညာမသင်ကြားရတဲ့ အခြေအနေမျိုးပါ။ စာမေးပွဲ ဖြေနေတဲ့အချိန်မှာ လက်နက်ကြီး သံတွေ၊ လေယာဉ်ပျံဝဲနေတဲ့ အသံတွေ ကြားနေရတာမျိုးတွေလည်း ရှိကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျောင်း ဆက်တက်နိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် တကယ့်ကို ဂုဏ်ယူတယ်ပေါ့နော်။
နောက်ပြီးတော့ ကော်သူးလေ ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အကုန်လုံးပေါ့နော်။ ဘယ်လောက်ပဲ အခက်အခဲတွေကြုံရကြုံရ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ဖြစ်အောင် ကြိုးစားသွားကြဖို့ တိုက်တွန်းချင်ပါတယ်။ အခက်အခဲတော့ ရှိမှာပဲ အခက်အခဲ ကြားထဲမှာပဲ လက်မလျှော့ဘဲနဲ့ အကောင်းဆုံးနဲ့ ကော်သူလေးပြည်တည်ထောင်နိုင်တဲ့အထိ ဆက်ပြီး ကြိုးစားသွားကြဖို့ ကျောင်းသားတွေကို တိုက်တွန်းလိုတယ်။
မေး။ ။ တခြား ဖြည့်စွက်ပြောချင်တာတွေကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ အခု ကျောင်းတက်နေတဲ့ အချိန်မှာပဲ ညီမ KSNG ဆိုတဲ့ ကရင်ကျောင်းသားများကွန်ရက် အဖွဲ့မှာ စပြီးတော့ အလုပ်လုပ်နေတယ်။ ညီမတို့ တောအူး (တောင်ငူ) ခရိုင် ကရင်ကျောင်း သားများအဖွဲ့မှာလည်း ကျောင်းအတွက်ရော၊ ဒီကော်သူးလေအတွက်ရော တစ်စိတ်တစ်ပိုင်း ပါဝင်ပြီးတော့ လှုပ်ရှားနေတယ်။ ကျောင်းပြီးသွားတဲ့အခါမှာ ညီမက ဘာသာရေးပိုင်း (ခရစ်ယာန် သာသနာလုပ်ငန်း) သွားမှာ ဖြစ်ပေမဲ့လည်း နိုင်ငံတစ်ခုတည်ထောင်ဖို့ဆိုတာ ဘက်စုံလိုအပ်ချက်တွေ ရှိတော့ ဒီကော်သူးလေအတွက် အထောက်အကူဖြစ်အောင် လုပ်ဆောင်သွားဖို့ ညီမ စဉ်းစားထားပါတယ်လို့ ပြောချင်ပါတယ်။