ဧပြီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏တပ်မ-၂၂ ခြေမြန်တပ်ရင်း ခမရ-၂၀၆ မှ ပြေးလာသည့် တပ်သား နှစ်ဦး ဧပြီလ ၈ ရက်နေ့က ကရင် အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁) တပ်ရင်း(၁)ထံ ခိုလှုံလာကြောင်း သိရသည်။
အသက်(၂၄)နှစ်အရွယ် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုကျော်ဇာနှင့် အသက်(၂၈)နှစ်အရွယ် ကိုသူရတို့နှစ်ဦးမှာ စစ်ကောင်စီတပ်မ-၂၂ လက်အောက်ခံ ခမရ-၂၀၆ တပ်ရင်းမှ ထွက်ပြေး၍ ကေအဲန်ယူထံ ဧပြီလ ၈ ရက်နေ့က ခိုလှုံလာကြခြင်းဖြစ်သည်။
၎င်းတို့အား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလပိုင်းက တပ်သားစုဆောင်းသည့်စီမံချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယဗိုလ်မှူး ဇော်နိုင်ထွန်း ဦးစီးသည့် သင်တန်းသား ၃၀၀ ကျော်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ရှိ ရဲမွန်အမည်ရ သင်တန်းကျောင်း၊ အပတ်စဥ်-၈ တွင် တာဝန်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်သင်တန်း(၂)လကြာ တက်ရောက်ရန် စေခိုင်းခဲ့သည်ဟု ကေအဲန်ယူထံမှ သိရသည်။
အသက်(၁၈)နှစ်ပြည့်ပြီး သတ်မှတ်အသက်အရွယ်အတွင်း အကျုံးဝင်သူ အမျိုးသမီး၊ အမျိုးသားတိုင်း စစ်မှုထမ်း တာဝန်ထမ်းဆောင်ရမည်ဟူသော အာဏာသိမ်းစစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန် ချက်အပြီး စစ်သင်တန်းခေါ်ယူရေးလုပ်ငန်းများအား စစ်တပ်အကောင်အထည်ဖော်လာသည်မှာ ပြီးခဲ့သည့်မတ်လတွင် အပတ်စဥ်(၁၁)အထိ ရောက်ရှိခဲ့ပြီဖြစ်သည်။
၎င်းအပြင် စစ်ကောင်စီလက်အောက်ခံများက စစ်မှုထမ်းခေါ်ယူ၍လည်းကောင်း၊ ရရာနည်းလမ်းဖြင့် ဖိအားပေး တပ်သားစုဆောင်း၍လည်းကောင်း လက်ရှိအချိန်ထိလုပ်ဆောင်နေကြသည်။ တိုက်ပွဲမျက်နှာစာများ၌ ၎င်းတို့စုဆောင်းထားသည့် စစ်မှုထမ်းသင်တန်းဆင်းနှင့် ပြည်သူ့စစ်များကို အသုံးပြုမှုများလာသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ယင်းကြောင့် တပ်ပြေးဖြစ်စဥ်များ မကြာခဏထွက်ပေါ်လျက်ရှိရာ ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကလည်း ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်လှုပ်ရှားသည့်KNLA တပ်ရင်း ၉ ထံသို့ စစ်ကောင်စီတပ်သား(၃)ဦး လက်နက်နှင့်တကွ ခိုလှုံခဲ့ကြသေးသည်။



















