Home သတင်း ရှမ်းရွာသစ်မြို့တွင် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများ မရှိတော့ကြောင်း ဖားအံခရိုင်ဥက္ကဋ္ဌပြော

ရှမ်းရွာသစ်မြို့တွင် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများ မရှိတော့ကြောင်း ဖားအံခရိုင်ဥက္ကဋ္ဌပြော

804
Photo: CJ

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်/တပ်မဟာ ၇၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲဘက်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ဖေဖော်ဝါရီလမှစ၍ မြို့မှ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီဖြစ်ကြောင်း ခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက ပြောသည်။

ရှမ်းရွာသစ်မြို့နေ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တစ်ပတ်အတွင်း နေရပ်စွန့်ခွာပြောင်းရွှေ့ပေးရန် ၂၀၂၅ ဖေဖော်ဝါရီလပိုင်းကတည်းက ကေအဲန်ယူ တပ်မဟာ(၇)မှ သဘောထားထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ရက် အနည်းငယ်အတွင်း မြို့ကိုစွန့်ခွာသွားခဲ့ကြသော်လည်း လူမှုကွန်ရက်မီဒီယာတွင် ယခုရက်ပိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသည်။

ပဒိုစောအောင်မော်အေးက “တပ်မဟာမှူးအစီအစဥ်ဖြစ်မယ်၊ ဒီဟာကကြာပြီ နှစ်လလောက်ရှိပြီထင်တယ်။ ခရိုင် အနေနဲ့တော့ စာမထုတ်ရသေးပါဘူး။ ဝန်ထမ်းတွေရွှေ့တာက အဲဒီအရင်တစ်ခါက ရှမ်းရွာသစ်မှာ ကေအဲန်ယူက လူပဲထားဖို့ ပြောတာရှိတယ်။ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းမထားဘူးဆိုပြီး တပ်ပိုင်းက အဲဒီလိုသဘောထားတော့ရှိတယ်။ အခုကတော့ စစ်ကောင်စီဝန်ထမ်း မရှိတော့ဘူး။” ဟု ကေအိုင်စီကို ယနေ့ နံနက်ပိုင်းက အတည်ပြုပြောသည်။

စစ်ကောင်စီ၏ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၉)စုမှ လူဦးရေ နှစ် သောင်းကျော်နေထိုင်ပြီး ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်းပါဝင်သော ရှမ်းရွာသစ်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးလုပ်ငန်းများလည်ပတ်ခဲ့သည့် မြို့သစ်တစ်ခုဖြစ်သည်။

ကေအဲန်ယူ အမိန့်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းနှင့်မိသားစုများ ရွှေ့ပြောင်း သွားကြသလို အစိုးရစာသင်ကျောင်းများလည်း ပိတ်သိမ်းကုန်ကြောင်း ဖားအံ-လှိုင်းဘွဲ-ရှမ်းရွာသစ် လမ်းသို့ ပြေးဆွဲသည့် ရှမ်းရွာသစ်မြို့ခံအချို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းပင် ကေအိုင်စီကို ပြောဆိုထားသည်။

“ဝန်ထမ်းတွေရော သူတို့မိသားစုတွေရော အကုန်လုံးပြောင်းလိုက်ပြီ။ တစ်ယောက်မှမရှိတော့ဘူး။ ကေအဲန်ယူ ဘက်က ၇ ရက်အတွင်း ပြောင်းခိုင်းတာ။ ရဲစခန်းကလူတွေနဲ့သူတို့မိသားစုတွေကတော့ လှိုင်းဘွဲကို ပြောင်းကြ တယ်။ ကျန်တဲ့သူတွေကတော့ ဘယ်ရွှေ့ကြလဲမသိဘူး။ ” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း ကေအဲန်ယူတပ်မဟာ(၇)နယ်မြေရှိ ဌာနဆိုင်ရာနေရာတချို့ အသေခံဒရုန်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခံခဲ့ရသလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်ကလည်း ဖားအံခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်း(၂)ခုအား မတ်လတစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုမတိုင်ခင်ကတည်းက ရှမ်းရွာသစ်မြို့ရှိ စစ်ကောင်စီ၏ဗျူဟာစခန်းကုန်းကို KNLA ဘက်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းရသည့်အဆင့်ထိရောက်ရှိခဲ့သည်ဟု ဒေသတွင်းမီဒီယာတချို့က ဖော်ပြကြသည်။ မဲသဝေါရှိ စစ်ကောင်စီစခန်းများမှနေ၍လည်း ရှမ်းရွာသစ်စခန်းသို့ အင်အားဖြည့်တင်းခြင်းတို့ လုပ်ဆောင်ခဲ့ကြကြောင်း KNLA နှင့်နီးစပ်သည့်သတင်းအရင်းအမြစ်က ဆိုသည်။