Home သတင်း ကော့သောင်း မာရမ်းရဲစခန်းမှူးလိုက်ပါလာသည့် ကားကို ပကဖက ကြားဖြတ်တိုက်ခိုက် ၃ ဦးသေဆုံး

ကော့သောင်း မာရမ်းရဲစခန်းမှူးလိုက်ပါလာသည့် ကားကို ပကဖက ကြားဖြတ်တိုက်ခိုက် ၃ ဦးသေဆုံး

890
Photo: ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ဧပြီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် မာရမ်းရဲစခန်းမှူးလိုက်ပါလာသည့်ကားကို ကော့သောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဖော့သုတ်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ၃ ဦးသေဆုံးသွားသည်ဟု ပကဖ အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဧပြီ ၉ ရက်နေ့၊ ညနေ ၄ နာရီ ဝန်းကျင်အချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရာဘာခြံလုပ်ငန်း၊ မူးယစ်ဆေးရောင်းသူများနှင့် တရားမဝင် လူကုန်ကူးမှု လုပ်ကိုင်နေသူများထံမှ လစဉ်ကြေးကောက်ခံပြီး ပြန်လာ ချိန် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ရဲဘက်ကနေပြီးတော့ ကျနော်တို့ကိုအတွင်းသတင်းပေးတယ်။ အဲ့ကနေမှတစ်ဆင့် ကြားဖြတ်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာပါ။ အဲ့လိုဆက်ကြေးကောက်ခံနေတာတွေကို အရင်က သတိပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တို့တော်လှန်ရေးဘက်ကတော့ ထိခိုက်မှုမရှိပါဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် ထိုင်း-မြန်မာ နယ်စပ် ရှမ်းကိုးရွာအခြေစိုက် မာရမ်းရဲစခန်းတွင် တာဝန်ကျသူများဖြစ်သည်။ ၎င်းတို့သည် ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မကြာခဏ ဆက်ကြေး ကောက်ခံမှုများကို လုပ်ဆောင်လေ့ရှိကာ တရားဝင်လုပ်ငန်းဖြစ်ပါက ထိုင်းဘတ်ငွေ ၁,၀၀၀ ဘတ် နှင့် တရားမဝင်လုပ်ငန်းဖြစ်ပါက ထိုင်းဘတ်ငွေ ၃,၀၀၀ ဘတ်အထိ လိုက်လံကောက်ခံနေကြောင်း ကော့သောင်း ပကဖ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောဆိုသည်။

ယခုလို ကော့သောင်း ပကဖ တာဝန်ရှိသူများက ပြောဆိုထားသော်လည်း ရဲတပ်ဖွဲ့များ ငွေကြေး ကောက်ခံမှု အခြေအနေနှင့် ပတ်သက်၍ ကေအိုင်စီက သီးခြားအတည်မပြုနိုင်ခြင်း မရှိပေ။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအတွင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ ၄၀ မမ တစ်လက်၊ ၄၀ မမဗုံးသီး ၁၆ လုံး၊ အေကေ သေနတ် (နှစ်လက်)နှင့် ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ပစ္စတိုသေနတ်၊ ခြောက်လုံးပြူးသေနတ်နှင့် ဖုန်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း ဧပြီ ၁၀ ရက်နေ့တွင် ထုတ်ပြန် ပြောသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ များဖြစ်သည့် စစ်ကောင်စီတပ်သားများ ရဲတပ်ဖွဲ့ဝင် များအနေဖြင့် ဘက်ပြောင်းခိုလှုံမှုများ လုပ်ဆောင်မည်ဆိုပါက နွေးထွေးစွာကြိုဆိုကြောင်းနှင့် ဘက်ပြောင်းခိုလှုံ ခြင်းမရှိပါက စစ်ရေးအရပြင်းထန်စွာ အပစ်ပေးသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖ ပြောရေးဆို ခွင့် ရှိသူက ပြောသည်။