Home သတင်း ငလျင်ဘေးကြုံချိန် တစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ပြည်သူ ၇၂ ဦး သေဆုံးခဲ့ဟု NUG ထုတ်ပြန်

ငလျင်ဘေးကြုံချိန် တစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ပြည်သူ ၇၂ ဦး သေဆုံးခဲ့ဟု NUG ထုတ်ပြန်

624
Photo: NUG

ဧပြီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်သင့်ပြီး တစ်ပတ်အတွင်း စစ်ကောင်စီတပ်များကြောင့် နေရာဒေသအသီးသီးတွင် ဒေသခံပြည်သူ ၇၂ ဦးကျော် သေဆုံးခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ- NUG က ဧပြီ ၉ ရက်နေ့တွင် ထုတ်ပြန် ပြောသည်။

နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ် များကြောင့် ဒေသခံပြည်သူ ၇၂ ဦး သေဆုံးခဲ့သည်ဟု NUG က ပြုစုထုတ်ပြန်ထားသည်။ ထိုသို့ သေဆုံးသူများထဲ တွင် အသက် ၁၈ နှစ်အောက် ကလေး ၆ ဦး၊ အမျိုးသမီး ၃၀ ဦး ပါဝင်သည်။

ငလျင်ဘေး ဆိုးရွားစွာ ကြုံတွေ့ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကောင်စီက တစ်ပတ်အတွင်း ၁၈ ကြိမ် တိုက်ခိုက်ခဲ့ပြီး အလားတူ မန္တလေးတိုင်းဒေသကြီးတွင်လည်း ယခုလို တိုက်ခိုက်မှု ၁၈ ကြိမ် ဖြစ်ပွားခဲ့သည်ဟု NUG ကပြောသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ပြုစုထားသည့်စာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃,၅၅၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄,၆၈၉ ဦး၊ ပျောက်ဆုံးနေသူ ၂၂၀ ဦး အခြေခံအဆောက်အအုံ ၄,၆၀၃ လုံး၊ ဘာသာရေး အဆောက်အအုံ ၅,၃၂၄ လုံး၊ ပြည်သူနေအိမ် ၃,၂၃၆၈ လုံး၊ စာသင်ကျောင်း ၅၅၄ ကျောင်းနှင့် ငလျင်ဘေးသင့် ဦးရေ သုံးသန်းကျော် ရှိနေကြောင်းသိရသည်။

တစ်ဖက်တွင်လည်း ငလျင်ဘေးသင့်ဒေသများတွင် နေထိုင်သူ ၁၇ သန်းကျော်အထိရှိသည့်အထဲမှ လူဦးရေ ကိုးသန်းကျော်သည် ငလျင်ဒဏ်ကို အပြင်းအထန်ခံစားနေကြရပြီး အရေးပေါ်အကူအညီများ ဆက်တိုက် လိုအပ် လျက် ရှိနေကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။