Home သတင်း သံတောင်ကြီး၊ လိပ်သိုမြို့နယ်ခွဲ၌ ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ် ၅ လုံးထက်မနည်း စစ်ကောင်စီ မီးရှို့ဖျက်ဆီး

သံတောင်ကြီး၊ လိပ်သိုမြို့နယ်ခွဲ၌ ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ် ၅ လုံးထက်မနည်း စစ်ကောင်စီ မီးရှို့ဖျက်ဆီး

1019
Photo: CJ

ဧပြီလ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ သံမိုးတောင်ကျေးရွာရှိ ခရစ်ယာန်ဘုရား ကျောင်းတစ်ကျောင်းနှင့် ဒေသခံပိုင်နေအိမ် (၅)လုံးထက်မနည်းကို ပြီးခဲ့သည့် ဧပြီလ (၇)ရက်နေ့တွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

တောင်ငူ-လိပ်သို-မြသာကုန်းလမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ် နယ်မြေပဋိပက္ခမရှိဘဲ ဘုရားကျောင်းနှင့်ဒေသခံနေအိမ်များအား အကြောင်းအရင်းမဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်(၅)လုံးထက်မနည်းနှင့် ရိုမန်ကက်သလစ် (RC)ဘုရားရှိခိုးကျောင်းတို့ မီးလောင်ပြာကျခဲ့ရသည်ဟု သံမိုးတောင်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်ကတော့ ၆ လုံး ၇ လုံးလောက်ပြာကျကုန်တယ်။ ဘုရားကျောင်းက ခြံဝင်းနဲ့ဆိုတော့ ဝင်းထဲက အဆောင်ဘယ်နှစ်ဆောင်လောက်ပါသွားလဲ မသိဘူး။ စစ်တပ်ပဲ သံမိုးတောင် ရွာထဲမှာ တပ်စွဲထားတာ။ အခုနောက်ပိုင်းက လိပ်သို-မြသာကုန်းလမ်းခွဲက စခန်းကုန်းမှာသူတို့တပ်ပြောင်းနေတယ်။ ရွာထဲမီးရှို့တာလည်း အဲဒီသူတို့လှုပ်ရှားတပ်တွေပဲ။” ဟု ၎င်းအမျိုးသားက ကေအိုင်စီကိုပြောသည်။

သံမိုးတောင်ကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလပိုင်းက စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ပြီးနောက် ရွာအနီးအနား တိုက်ပွဲများမကြာခဏဖြစ်လာသဖြင့် ဒေသခံအများစုနေအိမ်မှ စွန့်ခွာရှောင်တိမ်းကြရသော ရွာတစ်ရွာဖြစ်သည်။

ယင်းနောက် စစ်တပ်က ရွာအတွင်း လူမရှိသည့်နေအိမ်များတွင် တပ်စွဲနေထိုင်ပြီး အိမ်ရှိပစ္စည်း များခိုးယူသုံးစွဲခြင်းအပြင် သံမိုးတောင်စာသင်ကျောင်းတွင်လည်း တပ်စွဲနေခြင်းတို့ကြောင့် ဒေသခံများ၏ လူနေမှုဘဝနှင့်ပညာရေးထိခိုက်လာသဖြင့် ရွာလုံးကျွတ်ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည့် ရွာဖြစ်သည်ဟုလည်း သံတောင်ကြီးနယ်ခံတို့ကဆိုသည်။

နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း “သံမိုးတောင်မှာက လူမနေတာကြာပြီ။ ရွာကအိမ် တွေရော၊ ရိုမန်ကက်သလစ်ဘုရားကျောင်းရော မီးရှို့ခံရတဲ့အထဲပါတယ်။” ဟု ပြောသည်။

ဧပြီလ(၇)ရက်နေ့ ရွာမီးရှို့မှုမဖြစ်ခင် သံမိုးတောင်ကျေးရွာအနီး စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း တောင်ငူမြို့နယ်၊ ပဒဲကျေးရွာတွင် ဧပြီလ(၆)ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ထို့နောက် သံမိုးတောင်ရွာ မီးရှို့ခံရမှုဖြစ်စဥ်နောက်ပိုင်း ထုံးဘိုကြီးရွာနားတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ထို့အတူ အဆိုပါတိုက်ပွဲများအတွင်း အထိနာလာသည့်စစ်ကောင်စီတပ်က ထုံးဘိုကြီး ကျေးရွာသို့ဆုတ်ခွာရာလမ်း၌ ရွာရှိ ဆိုင်ကယ်များ၊ ဈေးဆိုင်များကိုလည်း ဖျက်ဆီးခဲ့သေးသည်ဟု ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။

စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့်နိုင်ငံအနှံ့ ရှိ ပြည်သူပိုင်နေအိမ် ၁ သိန်း၁သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီးဖြစ်ကြောင်း အာဏာသိမ်းကာလ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို မှတ်တမ်းပြုစုနေသည့် Data for Myanmar အဖွဲ့၏ မတ်လ၇ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။