Home သတင်း ဗုံးကြဲခံရ၍ တစ်လအတွင်း ဒေသခံ ၁၃ ဦးသေဆုံးဟု TNLA ပြော

ဗုံးကြဲခံရ၍ တစ်လအတွင်း ဒေသခံ ၁၃ ဦးသေဆုံးဟု TNLA ပြော

629
Photo: TNLA

မတ် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းမြောက် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဗုံးကြဲခံရ၍ ဒေသခံ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က မတ် ၃ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

အဆိုပါ နယ်မြေတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ ယခုလို အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု TNLA က ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်မတ် ၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက ကျောက်မဲမြို့ ပေါ်သို့ ဗုံးတစ်လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး မယ်သီလရှင်တစ်ပါး ထိခိုက်သွားသည်ဟု မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“ဒီဘက်မှာကတော့ ပြည်သူတွေသိမ့်မနေကြတော့ဘူး လေယာဉ်နဲ့ ခနခဏ လာကျဲလို့။ မနေ့ကလည်း လာကျဲ တယ်။ မယ်သီလရှင်တစ်ပါး ထိခိုက်သွားတယ်လို့တော့ သိထားရတယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

Photo: TNLA

ထို့အပြင် တရုတ်အစိုးရ၏ စီစဉ်ပေးမှုကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်၌ ဖေဖော်ဝါရီ ၁၆ မှ ၁၇ ရက်နေ့ထိ နှစ်ရက်ကြာ အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရရှိဘဲ နှစ်ဖက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာနှင့် မန်မော်ကျေးရွာကြား နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ပြီး TNLA တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိ သွားပြီးထိုထဲမှ ၄ ဦးသည် ဒဏ်ရာ ပြင်းထန်စွာရှိခဲ့သည်ဟု TNLA က ပြောဆိုသည်။

ယခုနှစ် ဇန်နဝါရီလတွင်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ကျောက်မဲမြို့နယ်များသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့သောကြောင့် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု TNLA က ထုတ်ပြန် ပြောသည်။