Home သတင်း ကျောက်ကြီး အင်းနက်ရွာတွင် ၂ ရက်ဆက် လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရ ထိခိုက်မှုရှိ

ကျောက်ကြီး အင်းနက်ရွာတွင် ၂ ရက်ဆက် လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရ ထိခိုက်မှုရှိ

789
Photo_-CJ

မတ် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက် ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းဖြင့် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီး ဒေသခံအမျိုးသား တစ်ဦးနှင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ရွာသားများက ပြောသည်။

အဆိုပါ ကျေးရွာသို့ စစ်ကောင်စီက မတ် ၁ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့သလို ညနေပိုင်း တွင် Y8 အမျိုးအစား ဒရုန်းဖြင့် ထပ်မံ ဗုံးချတိုက်ခိုက်ခဲ့ပြီး ရွာသွားတဦး၏ နေအိမ်ရှေ့၌ ကျရောက်ပေါက်ကွဲပြီး အမျိုးသား တစ်ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာ၌ နေထိုင်သူ အမျိုုးသမီးတစ်ဦးက ယခုလို ပြောသည်။

“ဒရုန်းကျတဲ့ အိမ်အရှေ့ဘက်မှာရှိနေတဲ့ ဦးသောင်းမြင့်နဲ့သူ့မြေးကောင်လေးကို ထိတာ၊ ကလေးကခြေထောက် ကိုထိတယ်၊ သူ့ဒဏ်ရာပြင်းတော့ လောလောဆယ်ဆေးရုံပို့ထားရတယ်။ ဖြတ်ရမလားတောင်မ သိဘူး” ဟု သူမက ပြောသည်။

ထိုနေ့ပြီးနောက် မတ် ၃ ရက်နေ့တွင် ဆင်မတောင်အခြေစိုက် စစ်ကောင်စီ လက်နက်ကြီး စခန်းကုန်းနှင့် နတ်သံကွင်း တပ်စခန်းတို့မှလည်း အင်းနက်ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ရွာသားများက ပြောသည်။

အင်းနက်ရွာနေ အမျိုးသားတစ်ဦးက “မနေ့က ည ၈ နာရီလောက်က လက်နက်ကြီး ၃ လုံး အင်းနက်ထဲကို ပစ်တယ်။ နောက် ၁၀ နာရီဝန်းကျင်လောက်မှာ ၁ လုံးထပ်ပစ်တယ်။ သူ့နားကရွာတွေကိုလည်း ကျတယ်။ ကျောက်ကြီးကရော နတ်သံကွင်းဘက်ကရော ပစ်တာ။ ဒီမနက်တော့ငြိမ်နေသေးတယ်” ဟု မတ် ၄ ရက်နေ့ မနက် ပိုင်းတွင် ကေအိုင်စီသို့ ပြောသည်။

ယခု မတ်လဆန်းအတွင်း အင်းနက်ရွာအပြင် နရွဲပင်၊ ကြို့ကုန်း စသည့် ကျေးရွာများသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ခဲ့ပြီး လူထိခိုက်မှုအပြင် အိမ်မွေးတိရစ္ဆာန်များ၊ နေအိမ်နှင့်ဘာသာရေးအဆောက်အဦး ထိမှန်ပျက်စီးမှု ဖြစ်ပွားခဲ့သည်ဟု ကျောက်ကြီးမြို့နယ်တွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ထိုသို့ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပြုလုပ်နေသော်လည်း ကျောက်ကြီး မြို့နယ် တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဟု ဒေသခံများက ပြောဆိုသည်။

ထို့အတူ မတ်လ(၁)ရက်နေ့က ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသေးကြောင်း ကေအဲန်ယူ-ဗဟို၏ထုတ်ပြန်ချက်အရ သိရသည်။