Home တွေ့ဆုံမေးမြန်းခန်း “CIDKP တစ်ဖွဲ့ထဲတော့မဟုတ်ဘူး ကျန်းမာရေး အပိုင်း ပညာရေးအပိုင်းတွေမှာလည်း ထိတယ်”

“CIDKP တစ်ဖွဲ့ထဲတော့မဟုတ်ဘူး ကျန်းမာရေး အပိုင်း ပညာရေးအပိုင်းတွေမှာလည်း ထိတယ်”

397

“CIDKP တစ်ဖွဲ့ထဲတော့မဟုတ်ဘူး ကျန်းမာရေး အပိုင်း ပညာရေးအပိုင်းတွေမှာလည်း ထိတယ်”

CIDKP ၏ ဒု-တာဝန်ခံစောခဲလေနှင့် မေးမြန်းချက်

အမေရိကန်အစိုးရက ပေးအပ်နေသည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ရပ်ဆိုင်း ထားသည့်အပေါ် ကော်သူးလေ နယ်မြေအတွင်းရှိ ပြည်တွင်းစစ်ရှောင်များအပေါ် ရိုက်ခတ်လာမှု အခြေအနေနှင့်ပတ်သက်၍ ကရင် ပြည်တွင်း နေရပ်စွန့်ခွာသူများ ကော်မတီ- CIDKP ၏ ဒု-တာဝန်ခံစောခဲလေနှင့် မေးမြန်းထားသည် များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ ။ အမေရိကန်က အကူအညီတွေ ရပ်ဆိုင်းထားတဲ့အပေါ် ပြည်တွင်း စစ်ရှောင်တွေအပေါ်မှာလည်း သက်ရောက်မှု ရှိတယ်လို့ သိရတယ်။ CIDKP အနေနဲ့ အခြေအနေကိုပြောပြ ပေးပါ။
အမေရိကန်ရဲ့ ရံပုံငွေထောက်ပံ့မှုရပ်ဆိုင်းထားတာနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာရှိတဲ့ စစ်ရှောင်တွေအတွက် ရိုက်ခတ်မှု ကြီးကြီးမားမားရှိတယ်။ ကျနော်တို့ ကော်သူးလေနယ်မြေထဲမှာ စစ်ရှောင်စုစုပေါင်း ၁၀ သိန်းကျော် ရှိတယ်။ အရေအတွက်ကတော့ တော်တော်များတယ်။ ကျနော်တို့ ထောက်ပံ့ကူညီမှုလုပ်ငန်းစဉ် အားလုံးပြန်ခြုံ ကြည့် လိုက်ရင်တော့ USAID ထောက်ပံ့မှုက ၂၀ ရာခိုင်နှုန်းကျော်ကျော်ပဲရှိတယ်။ တစ်နှစ်အတွင်း ကျနော်တို့ လူဦး တစ်ယောက် ၃ သိန်းပဲ ကူညီတယ်လို့ထားလိုက်ပါတော့၊ အဲဒီလူ ဦးရေ ၃ သိန်းအတွက် ၂၀ ရာခိုင်နှုန်းက အဲလောက်မများဘူး။ ဒါပေမယ့် US ဒေါ်လာနဲ့ ပြန်ကြည့်လိုက်မယ်ဆိုရင် မီလီယံကျော်တယ်။

အဲဒီမှာ သူတို့အတွက်ဘာလဲဆိုရင် အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်တွေ ဖြစ်တယ်။ ဥပမာ အခုလက်ရှိအချိန်မှာ ဆိုရင် ကမမောင်းပြီးတော့ တပ်မဟာ(၁)ဘက် စစ်ရှောင်အရေးပေါ် လိုအပ်နေတဲ့ နေရာမှာ သွားပြီးထိသွားတာတို့ ရှိတယ်။ ပြီးတော့ သူတို့ စစ်ဘေးရှောင်ရတဲ့ နေရာတွေမှာဆိုရင် သောက်သုံးရေမရှိတဲ့အတွက် ရှေးဆက် ကျန်းမာ ရေး အပိုင်းလည်း ထိခိုက်လာနိုင်တာ ရှိတယ်။

မေး။ ။ CIDKP ဘက်က လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်အပိုင်းတွေကရော ဘာတွေ ထိခိုက်တာ ရှိပါသလဲ။
USAID ပရောဂျက်ပါတဲ့ လုပ်ငန်းစဉ်(၆)ခုထိခိုက်သွားတာရှိတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောရရင် နံပါတ် (၁) တစ်ခုက ထောက်ပံ့ငွေတွေ၊ စားနပ်ရိက္ခာတွေ၊ စစ်ရှောင် အတွက် ပြန်လည်ထူထောင်ရေးအပိုင်း၊ ကျန်းမာရေး Project အနေနဲ့က (၆)ခု လုပ်ဆောင်ချက်တွေ ကတော့ အများကြီးပေါ့၊ အဲဒါတွေ ထိခိုက်သွားတာ ဖြစ်တယ်။ ကျနော်တို့ ဝန်ထမ်းအတွက် ထောက်ပံ့ပေးရတဲ့ အပိုင်းလည်း တော်တော်များများ ထိခိုက်သွားတာ ရှိတယ်။

ဒါပေမယ့် ကျနော်တို့ ဝန်ထမ်းတွေ ထောက်ပံ့ရေး အပိုင်း ထိခိုက်သွားပေမယ့်လည်း သူတို့ကို အလုပ်ပေး မထွက်ရဲဘူး။ ဘာဖြစ်လို့လဲဆိုရင် ဝန်ထမ်းတစ်ယောက် ရဖို့က မလွယ်ဘူး။ ဘာဖြစ်လဲဆိုရင် ထိုင်းစကားလည်းတတ်တယ်။ လက်ရှိနိုင်ငံရေး အခြေအနေတွေလည်း နားလည်တယ်။ တတ်ကျွမ်းတယ်။ ဝင်ထွက်သွားလာ နိုင်တဲ့ ဝန်ထမ်းတွေဖြစ်တာကြောင့် ဝန်ထမ်း တစ်ယောက် ယောက်ထွက်ရင် ကျနော်တို့အဖွဲ့အစည်းဘက်က အရမ်းကို ထိခိုက်သွားတယ်။ အဲဒါကြောင့်ဝန်ထမ်းတွေအတွက် တခြား Fund မှာြပန်ရှာြပီး ဖြည့်ပေးရတာတွေ ရှိတယ်။

မေး။ ‌ ။ ပြည်တွင်းစစ်ရှောင်တွေအတွက် လိုအပ်ချက်တွေရှိနေတဲ့အပေါ် ဆရာတို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်ရှာ ပေးဖို့ရှိပါသလဲ။
စစ်ရှောင်တွေအတွက် အကြပ်အတည်းကြီးကြီးမားမားမဖြစ်ရလေအောင် ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးတယ်။ တစ်ခါတစ်လေ အနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုတွေ ယူရတယ်။ ကျနော်တို့ဘက်က သူတို့အတွက် အလှူရှင် (Donor) တွေနဲ့ စကားပြန်ပြောရတယ်။ အဓိက Back Donor တွေနဲ့ ပြန်ရှာရတယ်။ Back Donor ဆိုတာက အနောက်နိုင်ငံကြီးတွေက ထောက်ပံ့မှုလမ်းကြောင်တွေကို ပြန်ရှာရတယ်။

အထူးသဖြင့် ဥရောပနိုင်ငံ EUရဲ့ ထောက်ပံ့မှုရရှိဖို့ သူတို့နဲ့စကားပြောတယ် သူတို့လည်းဒါကိုသိတယ်။ နောက်ပြီး ဩစတြေးလျ အစိုးရရဲ့ထောက်ပံ့မှုအကူအညီတို့ အပေါ်က INGO/NGO တွေနဲ့ စကားပြောတယ်။ အဖြေကောင်း ရခဲ့တယ်။ ဒါပေမယ့် ထောက်ပံ့မှုတော့ စောင့်ရမယ်။ အရင်လိုတော့ ပြန်ပြည့်ဖို့မလွယ်ဘူး။ ဘာဖြစ်လဲ ဆိုတော့ အခုက တကယ့်ကို ကြီးကြီးမားမား ယိုယွင်းသွားတယ်ဆိုတော့။ ပြန်ရရှိဖို့က ကျနော်တို့တာဝန် ဖြစ်တဲ့အတွက် ကျနော်တို့က အတတ်နိုင်ဆုံး လုပ်ဆောင်သွားရမှာ ဖြစ်တယ်။

မေး။ ။ လက်ရှိအချိန်မှာ စစ်ရှောင်တွေကို အကူအညီပေးနိုင်ဖို့ အခုကာလအခြေအနေက ဘယ်လို စိန်ခေါ်မှုတွေ ရှိနေလဲ။
ပြောရမယ်ဆိုရင် တပ်မဟာ(၄)၊ တပ်မဟာ(၁)နဲ့ (၅)အကြား တပ်မဟာ(၃) ပြီးတော့ တပ်မဟာ(၆)အာရှလမ်းမ အောင်ဇေယျစစ်ကြောင်းရဲ့ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေက နေ့တိုင်းကို ဖြစ်ပွားတယ်။ လေကြောင်း တိုက်ခိုက်မှု တွေလည်း နေ့တိုင်းရှိတယ်။ တိုက်ပွဲတွေ ဖြစ်လာပြီးဆိုရင် လူထုတွေက တောတောင် ချောင်းတွေမှာ သွားတိမ်းရှောင် နေရတယ်။ အဲဒီစစ်ရှောင်ရဲ့အခက်အခဲတွေကို တွေးလိုက်တာနဲ့သိတယ်ပေါ့၊ အခက်အခဲက အမျိုးမျိုးရှိတယ်။ ကူညီနိုင်သလောက် ကျနော်တို့ကကူညီတယ်။

စစ်ရှောင် ၁၀ သိန်းကျော်ရှိတဲ့အထဲမှာ တစ်နှစ်ကို အယောက် ၃ သိန်းကျော်ပဲ ကျနော်တို့ ထောက်ပံ့ကူညီ နိုင်ခဲ့ တယ်၊ လိုအပ်ချက်တွေတော့ အများကြီးရှိတယ်။ နောက်ပြီး ကျနော်တို့ ဆုံးဖြတ်ထားတဲ့ နောက်တစ်ခုက စစ်ရှောင် နေရတဲ့အချိန်မှာ သူတို့ကိုယ်သူတို့ ပြန်ကြည့်နိုင်ဖို့၊ ရပ်တည်နိုင်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။ ဥပမာ မွေးမြူရေးလုပ်မလား အမျိုးမျိုးရှိတာပေါ့။ နောက်ပြီး သူတို့ရွာမှာ ပျက်စီးသွားတဲ့ တံတားတွေ၊ စာသင် ကျောင်းတွေကိုပြန်ပြီး ပြုပြင်ချင်လား အဲဒီအပိုင်းလည်း ကျနော်တို့စဉ်စားပေးတာရှိတယ်။ အဲဒါတွေအတွက် ကျနော်တို့ ထောက်ပံ့ပေးတဲ့ နည်းလမ်းတွေတော့ အများကြီးရှိတယ်။

တစ်ကြိမ်ထဲ တစ်ပွဲထိုးအတွက်ကြည့်ပြီး ကူညီပေးတာမဟုတ်ဘူး။ ရေရှည်အတွက် ရပ်တည်နိုင်ဖို့ လိုအပ်ချက် ဘာတွေရှိလဲ။ ရွာပြန်ပြီး လယ်ပြန်ထွန်၊ စပါးပြန်စိုက်ဖို့ အတွက်လား အဲဒီတွေအတွက် ထောက်ပံ့ပေးတာရှိတယ်။ အထူးသဖြင့် တပ်မဟာ(၁)နဲ့ တပ်ဟာ(၇)မှာတော့ အဲဒါတွေအများဆုံး ထောက်ပံ့ပေးတာရှိတယ်။ တိုက်ပွဲကြောင့် စပါးတွေ ပျက်သွားတာပဲဖြစ်ဖြစ်၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးတာဖြစ်ဖြစ် ဒါတွေ ပြန်စိုက်ဖို့ ပြန်ပွား လာဖို့ သူတို့အတွက် အထောက်အကူဖြစ်ဖို့က ဒီဟာတွေကို ကူညီပေးဖို့ ရည်ရွယ်ချက်တွေ ရှိတယ်။

မေး။ ။ USAID က ထောက်ပံ့မှုချက်ချင်း ရပ်လိုက်တဲ့အပေါ် CIDKP အနေနဲ့ရော လုပ်ငန်းချက်ချင်း ရပ်လိုက် ရတာတွေ ဘယ်နှစ်ခုရှိလဲ။
USAID ချက်ချင်းရပ်လိုက်တော့ သူအောက်မှာရှိတဲ့ Program တွေအကုန်ရပ်လိုက် ရတယ်။ သူတို့က ၂၅ရက်နေ့ မှာ ထုတ်ပြန်ချက် ကြေငြာတယ်၊ ကျနော်တို့ဘက်မှာတော့ ၂၆ ရက်နေ့ပေါ့၊ တစ်ရက်နှစ်ရက်ကြာတော့ ကျနော်တို့ ဆီစာရောက်တယ်။ အကုန်ရပ်ခိုင်းတယ် အဲဒီလုပ်ငန်းစဉ် (၆) ခုပေါ့။ နောက်ပြီး အဲဒီပရောဂျက်မှာပါတဲ့ ဝန်ထမ်း တွေက လည်းအလုပ်ဆက်လုပ်နိုင်ဖို့က ပရောဂျက်အသစ်တွေ ပြန်ရှာရတာတွေ ရှိတယ်။ အဲဒီစာကို ကျနော်တို့ဆီ ရောက်တယ်။

ကျနော်တို့ဘက်က ရပ်လိုက်ပေမယ့်လည်း တစ်လအတွင်းမှာ မြေပြင်မှာက လုပ်ငန်းလည်ပတ်သေးတယ်။ လူထု တွေကိုတိုက်ရိုက် မထိသေးဘူး။ ဘာဖြစ်လဲဆိုတော့ တစ်လစာအတွက် ကျနော်တို့ဘက်က ပေးထားရှိသေးတယ် ဆိုတော့။ နောက်ပိုင်း ကျရင်တော့ ဆက်ထိခိုက်နိုင်တယ်။ ရက် ၉၀ ရပ်လိုက်မယ်လို့ ပြောပေမယ့်လည်း ပြန်လာဖို့ ရှိမလား တကယ်လို့ပြန်လာခဲ့ရင်တောင် အရင်လိုတော့ ရနိုင်ပါ့မလား၊ ဘယ်သူမှ မပြောနိုင်ဘူး။

သူတို့ပရောဂျက် လုပ်ငန်းစဉ် နေရာမှာ ကိုယ်က အခြားနေရာမှာ အစားထိုးယူလိုက်ရင်လဲ တကယ်လို့ သူတို့ပြန် လာခဲ့ရင် သူတို့ ယာယီရပ်စဲ လိုက်တဲ့ ရက်၉၀ ကိုသွားပြီး ချိုဖောက်သလိုလည်း ဖြစ်သွားမယ်။ အဘက်ဘက်က ကြည့်ရတယ်၊ ပြီးတော့ တစ်ခြားနိုင်ငံကြီးတွေရဲ့ အကြံပေးမှုတွေ သူတို့ရဲ့ထောက်ပံ့မှုတွေကိုလဲ ယူရတယ်ပေါ့။

မေး။ ။ ရက်ပေါင်း ၉၀ ပြီးရင် ထောက်ပံ့မှုတွေက ပြန်ရမရသေချာတဲ့အပေါ် ဆရာတို့အနေနဲ့ စစ်ရှောင်တွေကို ဘာပြောချင်ပါသလဲ။
USAID ကို ကျနော်တို့က အပြစ်မမြင်ပါဘူး။ ဘာလို့လဲဆိုရင် USAIDက ကျနော်တို့ရဲ့လိုအပ်ချက်တွေကို နှစ်ပေါင်း များစွာအများကြီးလည်း ကူညီထောက်ပံ့ပေးခဲ့တယ်။ ကျနော်တို့က ကျနော်တို့ ရည်မှန်းထားတဲ့ အတိုင်း ပဲ မြေပြင်မှာ လိုအပ်ချက်ရှိတဲ့ စစ်ရှောင်ကိုကူညီမယ်။ ပြီးတော့ကျနော်တို့က တစ်ဖွဲ့ထဲ အလုပ်လုပ် တာမဟုတ်ဘူး၊ KCBO ၁၁ ဖွဲ့ နဲ့လည်း ပူးပေါင်းလုပ်ဆောင်တယ်၊ ပြီးတော့ ကျနော်တို့အဖွဲ့နောက်မှာ မိခင်ကေအဲန်ယူ- ကရင်အမျိုးသားအစည်း အရုံးက ထောက်ပံ့ပေးဖို့ရှိတယ်။

နိုင်ငံတကာနဲ့ တွေ့ဆုံဆွေးနွေးပြောဆို ပြီးတော့ပေါ့။ ပြောချင်တာက CIDKP က တစ်ဖွဲ့ထဲ အလုပ်လုပ်တာ မဟုတ်ဘူး။ ပြီးတော့ ကော်သူးလေနယ်မြေထဲမှာ နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့တဲ့အတွက် နိုင်ငံတကာ အလှူရှင်အဖွဲ့တွေကလည်း ကျနော်တို့အဖွဲ့ကို အသိမှတ်ပြုတယ်။ ယုံကြည်မှုတွေလည်း ရခဲ့တဲ့အပေါ် ကျနော် ထင်တယ် စစ်ရှောင်တွေအတွက် အထောက်အပံ့ရဖို့ နည်းလာပေမယ့်လည်း ရှေးဆက်အကူညီ ပြန်ရှာဖွေလို့ ရမယ်လို့ ထင်တယ်။

မေး။ ။ နောက်ထပ်ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။
ဒုက္ခသည်စခန်းမှာ ကျန်းမာရေးအပိုင်းနဲ့ ပတ်သက်ပြီး အထောက်အပံ့ ရပ်လိုက်သလိုမျိုး ပြည်တွင်းမှာလည်း ကျန်းမာရေးအပိုင်းနဲ့ပတ်သက်ပြီး ထိခိုက်တာတွေ အများကြီးရှိတယ်။ အဲဒါအပြင် ပညာရေးအပိုင်းနဲ့ ပတ်သက်ပြီး ထိသွားတာတွေလည်း ရှိတယ်။ ဒီနှစ်ကုန်အတွင်းမှာ ပညာရေးအပိုင်းက လည်ပတ်ဖို့အဆင်ပြေပေမယ့် လာမယ့် နှစ်မှာတော့ စိုးရိမ်စရာတွေ ရှိလာနိုင်တယ်။ ပြောရမယ်ဆိုရင် CIDKP တစ်ဖွဲ့ထဲတော့မဟုတ်ဘူး ကျန်းမာရေး အပိုင်း ပညာရေးအပိုင်းတွေမှာလည်း ထိတယ်။

ဒါပေမယ့် ကျနော်ပြောသလိုဘဲ ကျနော်တို့က KCBO အဖွဲ့အများအပြားနဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တဲ့အတွက် ဒါကို ဖြေရှင်းသွားနိုင်ဖို့ အတူတကွ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ တချို့အရာတွေက အဆိုးဘက်ကြည့်လို့မရဘူး။ ကောင်းလာဖို့အတွက် ဖြစ်သွားတယ်လို့လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပြီးတော့ နိုင်ငံတကာမှာ ရောက်နေတဲ့ ကျနော်တို့ ကရင်လူမျိုးတွေလည်း အများကြီး ရှိပါတယ်။

နောက်နည်းလမ်းတစ်ခုက ကျနော်တို့ ကရင်လူမျိုးတွေ ဘယ်လိုပြန်စုစည်းမလဲ ဘယ်လို တိုင်ပင်ဆွေးနွေး သွားမလဲ ဘယ်လိုပါဝင်ကူညီ ထောက်ပံ့သွားနိုင်မလဲ နည်းလမ်းအသစ်တစ်ခု ပြန်စဉ်းစားရမှာ ပေါ့နော်။ သူတို့ကို ပိုက်ဆံထည့်ခိုင်းတာတို့ ပြောတာမဟုတ်ဘူး။ နိုင်ငံတကာရောက်နေတဲ့ ကျနော်တို့ ကရင်လူမျိုး အချို့ကလည်း အစိုးရတွေကို ပြောပေး Advocacy လုပ်ပေးနိုင်တာရှိတယ်။ အဲဒါကို ပူးပေါင်းလုပ်ဆောင်သွားမယ်။

ကျနော်တို့ CIDKPက တစ်ခြား KCBO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်။ လိုအပ်ချက်ရှိသွားရင်လဲ နားလည်ပေးစေချင်တယ်။ ကျနော်တို့က IDP အတွက် ထောက်ပံ့ကူညီ လုပ်ဆောင် ပေးနေတာ ဖြစ်တယ်။ ရေရှည်အတွက် ကျနော်တို့ကြည့်ရမယ် ဆိုတာ ဒါကကျနော်တို့ရဲ့ ရည်မှန်းချက်ဘဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။