မတ်လ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီမြစ်ဝကျွန်းပေါ်အမျိုးသားများပြည်နယ်ကောင်စီ-IDNSC က မြစ်ဝကျွန်းပေါ်ဒေသရှိ စစ်အစိုးရယန္တရားနှင့် စစ်အာဏာရှင်စနစ်များ အလုံးစုံဖျက်သိမ်းရေးအတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်လွတ်မြောက်ရေး တပ်တော်-IDLA ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း မတ်လ(၁)ရက်နေ့က ကြေညာသည်။
IDNSC တွင်ပါဝင်သည့် ကောင်စီဝင်များတိုးချဲ့ဖွဲ့စည်းမှုနှင့်အတူ စစ်အစိုးရ၊ စစ်ယန္တရားဖျက်သိမ်းရေး၊ ဧရာဝတီရှိ တိုင်းရင်းသားလူထု၏အသက်အိုးအိမ်ကို ကာကွယ်ရေး၊ ကောင်စီ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရေးနှင့် ဖက်ဒရယ်တပ်မတော်တွင် အခိုင်အမာရပ်တည်ရေးတို့အတွက် ရည်ရွယ်၍ IDLA ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ စဖွဲ့ကာစလည်းဖြစ်တော့ မဟာမိတ် တည်ဆောက်နေတုန်းပဲရှိပါသေးတယ်။ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ကျနော်တို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဘုံရန်သူဖြစ် တဲ့စစ်အာဏာရှင်စနစ်ပြုတ်ကျရေးမှာ သဘောထားတူညီတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု IDNSC ဥက္ကဌ မန်းဖန်းရှောင်းက ကေအိုင်စီသို့ ပြောသည်။
IDLA အနေဖြင့် ပြည်သူ့အသက်အိုးအိမ်ကိုကာကွယ်ပြီး ပြည်သူ့အကျိုးဆောင် တာဝန်များကိုထမ်းရွက်သွားမည် ဖြစ်ကြောင်းလည်း ကြေညာချက်တွင် အသိပေးထားသည်။
ထို့အပြင် တပ်တော်ကို နိုင်ငံရေးအရဦးဆောင်မည့် IDNSC အနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်း တပ်တည် ဆောက်ခြင်းအပြင် မဟာမိတ်နှင့်တပ်ပေါင်းစုများတည်ဆောက်ရေး၊ အဖွဲ့အစည်းတည်ဆောက်ရေး၊ မီဒီယာတပ်ဖွဲ့တည်ဆောက်ရေးတို့ကိုပါ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
IDNSC ကို မဟာလူမျိုးကြီးဝါဒနှင့်စစ်အာဏာရှင်စနစ်၊ စစ်ကောင်စီယန္တရားများအား ဖယ်ရှားရန်၊ ဧရာဝတီမြစ် ဝကျွန်းပေါ်အမျိုးသားများပြည်နယ်နှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်း ချက်(၃)ရပ်ဖြင့် ဖွဲ့စည်းခဲ့ပြီး ကောင်စီအတွင်း မြစ်ဝကျွန်းပေါ်နေတိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်များ၊ အဝေးရောက်ဧရာဝတီသားများ၊ CDM အမျိုးသမီးများ စသူတို့ ပါဝင်ကြောင်းလည်း သိရသည်။
မူလက ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီ-AYYSCF အဖြစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ရပ်တည်ခဲ့သော်လည်း ယင်းကိုဖျက်သိမ်းပြီးနောက် IDNSC တွင် လက်ရှိပါဝင်နေသူများ၏ အမြင်သဘော ထားများအရ နိုင်ငံရေးအရ စိတ်ချယုံကြည်ရသည့် အဖွဲ့ဝင်များဖြင့် IDNSC အဖြစ် စနစ်တကျ ပြန်လည်ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။



















