Home သတင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှအကာအကွယ်ပေးရေး မူဝါဒချမှတ်ရန် အမျိုးသမီးနှင့် LGBTIQA+ အဖွဲ့များ တောင်းဆို

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှအကာအကွယ်ပေးရေး မူဝါဒချမှတ်ရန် အမျိုးသမီးနှင့် LGBTIQA+ အဖွဲ့များ တောင်းဆို

816
Photo: Social Media

မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု၊ အမြတ်ထုတ် အကြမ်းဖက်မှုမှ ကာကွယ်နိုင်သည့် မူဝါဒချမှတ်ရန် အပါအဝင် အချက်(၄)ချက်အား အမျိုးသမီးနှင့် လိင်စိတ်ခံယူချက်ကွဲပြားသူ (LGBTIQA+)ဆိုင်ရာ အဖွဲ့များက ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများအပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို အကြံပြုတိုက်တွန်းသည်။

အဖွဲ့ (၄၀) ၏ဆွေးနွေးပွဲများပြီးနောက် ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု မူဝါဒချမှတ်ရန်နှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှု၊ ပဋိပက္ခနွယ်သောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ထိရောက်စွာတုံ့ပြန်ရန်၊ ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းမှ သက်ဆိုင်ရာအဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်ရန်တို့ကိုလည်း အကြံပြုထားခြင်းဖြစ်သည်။

ထို့အပြင် လူသားချင်းစာနာမှုနှင့်အရေးပေါ်တုံ့ပြန်မှုများ လုပ်ဆောင်ရာတွင် ဂျန်ဒါတန်းတူညီမျှရေးကို ထည့်သွင်းစဥ်းစားရန်၊ အရေးကြီးဆုံးဖြတ်ချက်ချသည့်ကိစ္စ၌ အမျိုးသမီးများပါဝင်မှု မြင့်မားစေပြီး လက်တွေ့ကျသည့် အစီအမံများကျင့်သုံးကြရန်ကိုလည်း အဖွဲ့များက တိုက်တွန်းသည်။

ကဏ္ဍအသီးသီးတွင်ပါဝင်နေသည့် အမျိုးသမီးများကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များရှိ အမျိုးသမီး များသည်လည်း ပဋိပက္ခ၌ လိင်အခြေပြုအကြမ်းဖက်မှုများ တွေ့ကြုံခံစားနေရပြီး သက်ဆိုင်ရာ အဖွဲ့အသီးသီးတွင် တိုင်ကြားမှုယန္တရား စနစ်ကျမှု အားနည်းနေကြောင်း ဆွေးနွေးပွဲတွင် တစ်ဖွဲ့အပါအဝင်ဖြစ်သည့် မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့- M-WPS က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လက ထောက်ပြခဲ့သည်။

“လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ဦးဆောင်သူက အမျိုးသားအများစုဖြစ်တော့ အမျိုးသမီးတပ်ဖွဲ့ဝင် တွေအပေါ် လေးစားအသိအမှတ်ပြုမှု အားနည်းတာ၊ ဖိုဝါဒအတွေးအခေါ် လွှမ်းမိုးတဲ့ အုပ်ချုပ်ရေး ကော်မတီ တွေက ချုပ်ကိုင်ကြီးစိုးထားတာတွေကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုတွေ့ကြုံနေရတယ်လို့ ပြောလို့ရတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ သာမန် ရပ်ကွက်ထဲက စရိုက်ပျက်အတွေးအခေါ်တွေကနေ ရုန်းထွက်နိုင်ဖို့ အရေးကြီးပါတယ်။” ဟု M-WPS ၏ ပြောခွင့်ရ မိဆူးပွင့်ကလည်း ကေအိုင်စီနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

ဆက်လက်၍ အဖွဲ့များ၏ယမန်နေ့ကအကြံပြုချက်တွင် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG နှင့် ဒေသဆိုင်ရာအစိုးရများမှ အုပ်ချုပ်ရေးလုပ်ဆောင်ရာ၌ ဂျန်ဒါဆိုင်ရာမူဝါဒအပြင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မူဝါဒများထည့်သွင်းကျင့်သုံးပြီး ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်သင်တန်းများ ပြုလုပ်ပေးရန်ကိုလည်း အကြံပြုထားသည်။

NUG နှင့် အစိုးရများအနေဖြင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုမှလွတ်မြောက်လာသူများအတွက် ဝန်ဆောင်မှုပေးရေးနှင့် ပြန်လည်ကုစားရေးတွင် ဂျန်ဒါအမြင်ထည့်သွင်းပြီး အသက်မွေးဝမ်း ကျောင်းပညာရပ်များ ပို့ချ၍ ပြန်လည်ထူထောင်နိုင်ရန် ပံ့ပိုးရေးတို့ ဆောင်ရွက်ရန်လိုသည်ဟု ဆိုသည်။

ထို့အပြင် ဂျန်ဒါနှင့်အမျိုးသမီးများ လုံခြုံရေးအစီအစဥ်မြှင့်တင်ရန် အွန်လိုင်း၊ အော့ဖ်လိုင်းမီဒီယာဖြင့် လူထုအသိပညာမြှင့်မားရန် လုပ်ဆောင်ပေးရမည်ဖြစ်သလို အကြမ်းဖက်ခံရမှုများကို မှတ်တမ်းတင် သက်သေစု၍ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရန်လည်း အကြံပြုဖော်ပြသည်။

အလားတူ နိုင်ငံတကာ၊ အလှူရှင်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှလည်း ဒေသပြန်လည်ထူထောင်ရေး၊ အမျိုးသမီးရေးဆိုင်ရာ ရံပုံငွေများ ထောက်ပံ့ပေးရန်၊ အမျိုးသမီးနှင့်ဂျန်ဒါဆိုင်ရာ ကုစားထောက်ပံ့ရာ၌ NUG, ERO သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ လုံခြုံသောအကာအကွယ်များ ဖန်တီးပေး ရန်နှင့် ကုလသမဂ္ဂ ၏ဆုံးဖြတ်ချက် ၂၆၆၉/၂၀၂၂ အရ ထိရောက်စွာအကောင်အထည်ဖော်ရန် တိုက်တွန်းသည်။

M-WPS အပါအဝင် အဖွဲ့အစည်းများအနေဖြင့် ပဋိပက္ခအတွင်း ကာလကြာရှည်အကြမ်းဖက်ခံနေရသည့် အမျိုးသမီးများ၊ လိင်စိတ်ခံယူမှုကွဲပြားသူများ၊ လူ့အဖွဲ့အစည်းအတွင်း လျှစ်လျှူရှုခံထားရသူများ၏ အသံကိုမြှင့်တင်ရန်နှင့် သူတို့၏အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးကြိုးပမ်းမှုများကို မှတ်တမ်းတင်ရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဆွေးနွေးပွဲများကို ၃ ကြိမ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။