Home သတင်း မုန်းမြို့နယ်တွင် လေကြောင်းပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

မုန်းမြို့နယ်တွင် လေကြောင်းပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

760
Photo: KNU

ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မုန်းမြို့နယ်တွင် မတ်လ (၁) ရက်နေ့က စစ်ကောင်စီ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် စစ်ဘေးရှောင်နေသော အမျိုးသမီး(၁)ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဒေသခံ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုu ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တောင်ငူလေတပ်မှ မုန်းမြို့နယ်ရှိ ဟော်ခိုဂေါ် (ငထွေးစုတ်) ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု လုပ်ဆောင်သည့်အတွက် ကျေးရွာအတွင်း စစ်ဘေးရှောင် လာ‌ရောက် နေထိုင်သည့် သေ‌ဂေလူရွာမှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီး‌ သေဆုံးခဲ့ပြီး (၂၇) နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ( ခလရ- ၂၆၄) တပ်မှ ၈၁ မမ လက်နက်ကြီးဖြင့် (၄) ကြိမ်ခန့် ပစ်ခတ်ခဲ့ရာ ကျောက်ကြီးမြို့နယ်အတွင်းရှိ ရေလည်ကျွန်း ကျေးရွာနှင့် အိုင်ဒိုးချောင်း ဘေးသို့ ကျရောက်ပေါက်ကွဲကာ အသက် (၅၀) နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်မှု ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Photo: KNU

အလားတူ အဆိုပါ မတ်လ (၁) ရက်နေ့တွင်ပင် ကေအဲန်ယူ သထုံခရိုင်၊ ဖားအံမြို့နယ် မဲသနကျေးရွာနှင့် ထီးကျော်ခီး ကျေးရွာအနီးတဝိုက်ကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု နေအိမ်များနှင့် ဘုန်းကြီးကျောင်း တချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန် အသိပေးသည်။

ထိုသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများသည် မဲသနကျေးရွာရှိ စာသင်ကျောင်းဝင်းအပါအဝင် ဒေသခံများ နေထိုင်ရာကျေးရွာများနှင့် ရာဘာခြံများသို့ ကျ‌ရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းသူကျောင်းသားများ ကျောင်းမတက်ရဲဖြစ်ပြီး ‌ဒေသခံများ လုပ်ငန်းခွင် သွားရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကေအဲန်ယူက ဆိုသည်။

ခလယ်လွယ်ထူခရိုင်ရှိ မုန်းမြို့နယ်၊ လယ်ဒိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်များတွင် စစ်ကောင်စီတပ်၏ နေ့စဥ်နေ့တိုင်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ‌ဒေသခံများနေထိုင်ရာ ကျေးရွာ များအတွင်းရှိနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ မကြာခဏ ထိခိုက်ပျက်စီးမှုများရှိသလို ဒေသခံများလည်း ထိခိုက်သေဆုံးခဲ့ရသည်ဟု ‌ဒေသတွင်းအရင်းအမြစ်များထံမှ သိရသည်။