Home သတင်း သံလွင်မြစ်ပေါ်ရေကာတာ မတည်ဆောက်ရန် အမြဲကန့်ကွက်မည်ဟု နှစ်နိုင်ငံပြည်သူတို့ ဆန္ဒထုတ်ဖော်

သံလွင်မြစ်ပေါ်ရေကာတာ မတည်ဆောက်ရန် အမြဲကန့်ကွက်မည်ဟု နှစ်နိုင်ငံပြည်သူတို့ ဆန္ဒထုတ်ဖော်

265

မတ် ၁၅ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

သံလွင်မြစ်ပေါ်တွင် အကြီးစားရေးအားလျှပ်စစ်စီမံကိန်း မတည်ဆောက်ရန် အမြဲကန့်ကွက်မည်ဟု မြစ် အနီးနေထိုင်သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံဒေသခံတို့ မတ် ၁၄ ရက်နေ့တွင် ကျရောက်သည့် အပြည် ပြည်ဆိုင်ရာ မြစ်ချောင်းများနှင့် ရေကာတာဆန့်ကျင်ရေးနေ့၌ ကေအဲန်ယူ၊ မူတြော်ခရိုင် သံလွင်မြစ်အနီး၌ စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

လျှပ်စစ်ထုတ်ရန် ရေကာတာတည်ဆောက်ခြင်းသည် ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေသလို သံလွင်မြစ် အနီးဝန်းကျင်တွင် နေထိုင်သည့် ဌာနေပြည်သူများအားလုံး ရွှေ့ပြောင်းရမည်ဖြစ်သည့်အတွက် နောင်မျိုး ဆက်အထိ အမြဲကန့်ကွက်သွားမည်ဟု ဒေသခံလူထုများနှင့် ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့မှ နော်ဆာမူးက ယခုလို ပြောသည်။

“ရေကာတာ စီမံကိန်းဖြစ်လာဖို့ မြန်မာစစ်အစိုးရ အဆက်ဆက်က လုပ်ဆောင်လာတာ။ ဒီစီမံကိန်း အတွက် သူတို့ နယ်မြေ လွှမ်းမိုးမှုတွေ နယ်မြေတိုးချဲ့မှုတွေ လုပ်ဆောင်လာတယ်။ အရင်တုန်းက ဒီနေရာမှာ ဒီလို ကန့်ကွက်ဆန္ဒဖော်ထုတ်ရင်တော့ ခြိမ်းခြောက်ခံရတာတွေရှိတယ်။ အခု ဒီနယ်မြေ ဒေသမှာ မြန်မာစစ်တပ် မရှိတော့ဘူးဆိုတော့ လွတ်လပ်စွာ ကန့်ကွက်ဆန္ဒဖော်ထုတ်လို့ရတယ်။ သံလွင်မြစ်ပေါ်မှာ ဘယ်ရေကာတာမှ ဆောက်ခွင့်မရှိဘူး။ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်ဖို့ ဆက်လက်ကန့်ကွက်သွားရမယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

သံလွင်မြစ်ပေါ်ရှိ ရေကာတာတည်ဆောက်မည့်စီမံကိန်းကို နှစ်ပေါင်းများစွာ ကန့်ကွက်ခဲ့ပြီး နိုင်ငံ တကာနှင့် စီမံကိန်းတည်ဆောက်လိုသူများ သိရှိရန်အတွက် ယခုနှစ်တွင် နှစ်နိုင်ငံ ဒေသခံလူထုများ အတူတကွ ကန့်ကွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့မှ နော်ဆာမူးက ဆက်ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာနေရာ သူးမွဲထာ၌ မတ် ၁၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ကေအဲန်ယူ၊ မူတြော်ခရိုင်ထဲရှိ ကျေးရွာပေါင်း ၄၀ နှင့် ထိုင်းနိုင်ငံထဲရှိ ကျေးရွာပေါင်း ၅ ရွာမှ ဒေသခံ လူထုများ၊ နယ်မြေခံ ကေအဲန်ယူ ဌာနဆိုင်ရာ ခေါင်းဆောင်များနှင့် ရဲဘော်များ၊ သဘာ ဝပတ်ဝန်းကျင်အရေး လုပ်ဆောင်သည့် အရပ်ဖက်အဖွဲ့အစည်းများမှ လာရောက်ပူးပေါင်း ကန့်ကွက်ဆန္ဒ ထုတ်ဖော်နေခြင်းဖြစ်သည်။

“ရေကာတာဖြစ်မှာကို ကျနောတို့ အရမ်းစိုးရိမ်တယ်။ နှစ်နိုင်ငံ ဌာနေလူထုတွေလက်မခံဘူး။ ဒီသံ လွင်မြစ်ရှိလို့သာ ကျနော်တို့ ကောင်းမွန်စွာ အသက်ရှင်သန် ရပ်တည်နိုင်တာ။ ဒီရေကာတာ တည် ဆောက်ရင် ကျနော်တို့ လူထုလည်း ခံစားရမှာမဟုတ်ဘူး။ ကျနော်တို့က ဒါကိုကန့်ကွက်တာ နှစ်ပေါင်း ၂၀ ကျော်ပြီး ဆက်ပြီးကန့်ကွက်မှာပဲ” ဟု ဆန္ဒပြပွဲ၌ ပါဝင်သူ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စရီးယန်းမြို့၊ မူယူတွင် နေထိုင်သည့် ထိုင်းနိုင်ငံသား စောဖာ့တင်နို့က ပြောသည်။

၎င်းအပြင် သံလွင်မြစ်သည် လွတ်လပ်စွာစီးဆင်းနိုင်သည့် နောက်ဆုံးမြစ်ဖြစ်သောကြောင့် ကာကွယ် ပေးရန် အားလုံး တာဝန်ရှိပြီး ဆက်လက်ကန့်ကွက်သွားရန် အားပေးကြောင်းလည်း ထိုင်းနိုင်ငံ သဘာဝ ပတ်ဝန်းကျင် အရေးလှုပ်ရှားဆောင်ရွက်သူ ပီဟန်က ရေကာတာဆန့်ကျင်ရေးအခမ်းအနား၌ ပြောဆိုသည်။

ဆက်လက်၍ ပြည်သူလူထုဆန္ဒမပါဘဲ မြစ်ချောင်းများပေါ်တွင် သယံဇာတ ထုတ်ယူသည့် စီမံကိန်းများရပ်တန့်ရန်၊ ပြည်သူထူထုများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဓလေ့ထုံး ထမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို အသိမှတ်ပြု ကာကွယ်ပေးရမည်ဖြစ်သည်ဟု ကရင်မြစ် ချောင်းများ စောင့်ကြည့်ရေးအဖွဲ့က သဘောထား ထုတ်ပြန်ထားသည်။

အလားတူ လူထုများအကာကွယ်ပေးသည့် သယံဇာတ စီမံခန့်ခွဲမှု မူဝါဒများကို ထည့်သွင်းစဉ်းစားပေးရန် အဆိုပါ သဘောထားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရှမ်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တို့ကို ဖြတ်သန်း စီးဆင်းသွားသည့် သံလွင်မြစ် ပေါ်တွင် ရေကာတာ စီမံ ကိန်း ၆ ခုတည်ဆောက်မည်ဖြစ်ပြီး ထိုထဲ၌ ကရင်ပြည်နယ်တွင် ဟတ်ကြီးရေကာတာ တည်ဆောက်ရန် ရှိသည်ဟု လွန်ခဲ့သည့် ၁၀ စုနှစ်ခန့်က သတင်းများ ပေါ်ထွက်ခဲ့ဘူးသည်။ သို့သော် ကန့်ကွက် မှုများ ကြောင့် စီမံကိန်းလုပ်ဆောင်မည့်အခြေအနေနှင့် သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။