Home သတင်း ပူလူတူ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA မှ (၃)ဦးသေဆုံး၊ (၆)ဦးဒဏ်ရာရရှိခဲ့

ပူလူတူ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA မှ (၃)ဦးသေဆုံး၊ (၆)ဦးဒဏ်ရာရရှိခဲ့

222
Photo: KNU

မတ်လ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူလူတူစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ က တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲအတွင်း KNLA ဘက်မှ တပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

KNLA တပ်မဟာ(၇)၊ တပ်ရင်း(၂၂)နယ်မြေရှိ ပူလူတူစခန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၅)ရက်နေ့က စတင်ကာ KNLA အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDOနှင့် တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ မတ်လ(၁၄)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း KNLA ဘက်က တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခြင်းအပြင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် (၁၂)ဦးသေဆုံးခဲ့ပြီး (၁၁)ဦးမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ကေအဲန်ယူဗဟိုနှင့် တပ်ရင်း(၂၂)ထံမှ သိရသည်။

Photo: KNU

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၃၁ ပွိုင့် ၁၂၄၈ စခန်းကုန်းကို အပြီးသတ်ရရှိခဲ့နောက် စခန်းရှိစစ်ကောင်စီ၏လက်နက်၊ ခဲယမ်းများကိုလည်း KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့သည်ဟု ‌ကေအဲန်ယူ-ဗဟိုက မှတ်တမ်းပုံနှင့်တကွ ဖော်ပြထားသည်။

‌ကေအဲန်ယူ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဘက်သို့ လက်နက်နှစ်လက် လက်ပစ်ဗုံးတစ်လုံးသယ်ဆောင်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁)ဦးအနက် (၃)ဦးမှာ ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရပြီး ထိုတပ်ဖွဲ့ဝင်များကို ထိုင်းအာဏာပိုင်များက လူသားချင်းစာနာမှုအရ အကူအညီပေးထားသည်ဟုလည်း နယ်စပ်သတင်းအရင်းအမြစ်က ဆိုသည်။

တစ်လနီးပါး ဖြစ်ပွားခဲ့သော စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူတိုက်ခိုက်မှုများကြောင့် စခန်းနယ်မြေရှိရာ ကျေးရွာနှင့်အနီးတဝိုက်နေ ဒေသခံများ ထိုင်းနိုင်ငံဘက်သို့လည်းကောင်း၊ အခြားဘေးလွတ်ရာ ကေအဲန်ယူနယ်မြေသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်ကြရပြီး နေရာထိုင်ခင်းနှင့်စားနပ်ရိက္ခာလိုအပ်ချက်ရှိခဲ့သည်။

Photo: KNU