မတ်လ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇)၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကျပြီးနောက် တိုက်ပွဲကြောင့် ထိုင်းဘက်ရှောင်တိမ်းနေထိုင်ကြရသည့် စစ်ရှောင် ၄၃၇ ဦး ထိုင်းအာဏာပိုင်များအကူအညီဖြင့် ယမန်နေ့ မတ်လ ၁၅ ရက်နေ့က နေရပ်ပြန်ကြကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်အနီးရှိ ပူလူတူစခန်းကို မတ်လ ၁၄ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက KNLA တပ်မဟာ(၇) တပ်ရင်း (၂၂) နယ်မြေရှိ လူထု နေထိုင်ရာကျေးရွာများကို လက်နက်ကြီးနှင့်လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများမှာ ဖေဖော်ဝါရီလကတည်းက သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံထဲ စစ်ရှောင်နေကြရသည်။
ယမန်နေ့က စစ်ရှောင်များနေရပ်ပြန်နိုင်ရေး ထိုင်းအာဏာပိုင်များ၊ တာ့ခ်ခရိုင် တာ့ဆောင်ယန်းဘက်မှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး နယ်စပ်လုံခြုံရေးအတွက်ကိုလည်း ထိုင်းနိုင်ငံဘက်က ဆက်လက်စောင့်ကြည့်နေဆဲဖြစ်သည်ဟု ထိုင်းမီဒီယာများက ဖော်ပြသည်။
ကလေးဖိုးကလိုးရွာမှ စစ်ရှောင်ကရင်အမျိုးသမီးတစ်ဦးက “အကုန်လုံးကိုတော့ ထိုင်းကပေးပြန်ပြီ။ မနေ့ကတော့ တဝက်တဝက်စီ ပြန်ကုန်ကြတယ်။ ဒါပေမဲ့ ပြန်နေကာမှ လေယာဥ်လာမှာစိုးတယ်။ တခြားဘာမှမရှိဘူး အဲဒီလေယာဥ်ပဲကြောက်ရတယ်” ဟု ကေအိုင်စီသို့ ယနေ့ပြောသည်။
ပြီးခဲ့သည့် ပူလူတူစခန်းသိမ်းတိုက်ပွဲရက်များတွင် စစ်ကောင်စီက စခန်းနှင့်ပတ်လည်သို့ လေကြောင်းတိုက်ခိုက်ရုံသာမက ဒေသခံများနေထိုင်သည့်ကျေးရွာများသို့ တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ပေါင် ၅၀၀ ဗုံးကြဲချခြင်းတို့ပါ ပြုလုပ်ခဲ့၍ နေအိမ်ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
ယင်းကြောင့် ထိုင်းဘက်ထွက်ပြေးစစ်ရှောင်သူများအား ထိုင်းအာဏာပိုင်နှင့် ခရစ်ယာန်သာသနာနယ် အသင်းအဖွဲ့တချို့မှ ထောက်ပံ့ကူညီမှုများပြုလုပ်သလို KNU တပ်မဟာ ၇ နယ်မြေ ဘေးလွတ်ရာသို့ ရှောင်ပြေးကြသည့် စစ်ရှောင်များကိုလည်း KNU ဘက်က ထောက်ပံ့ကူညီမှုပြုလုပ်ခဲ့သည်ဟု သိရသည်။