
မတ်လ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နေပြည်တော်၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး ၄ ခုတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အတွင်း ဖြစ်ပွားနေသည့် ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုး ဖောက်မှုများကို လေ့လာစောင့်ကြည့်ချက်အရ စစ်ရေးပစ်မှတ်ထက် အရပ်သားများပစ်မှတ်ထား တိုက်ခိုက်ခံရမှုက အများဆုံးဖြစ်ကြောင်း ပဥ္စမမဏ္ဍိုင်အဖွဲ့-PMCSG ကဆိုသည်။
PMCSG မှ ခရိုင်လေးခုရှိ အရပ်သားပြည်သူများ ရင်ဆိုင်တွေ့ကြုံနေရ အခြေအနေပြစစ်တမ်းမှ တွေ့ရှိချက်များကို အရပ်ဖက်အဖွဲ့နှင့်သတင်းမီဒီယာများအား ဖိတ်ကြား၍ အွန်လိုင်းမှ ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှတဆင့် ရှင်းလင်းတင်ပြလာခြင်းလည်းဖြစ်သည်။
PMCSG ၏ တွေ့ရှိချက်အရ (၆)လတာကာလအတွင်း စစ်ရေးပစ်မှတ်ဖြစ်သည့် လက်နက်ကိုင်နှင့် ဆက်စပ်ပြီး တိုက်ခိုက်ခံရမှုမှာ ခရိုင်လေးခုလုံးစုစုပေါင်း ဖြစ်စဥ် ၁၀၀ ကျော်သာရှိသော်လည်း အရပ်သားများပစ်မှတ်ထားတိုက်ခိုက်ခံရမှုက ၅၀၀ ကျော်ရှိနေပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်သည်ဟု ဆိုသည်။
အဖွဲ့အနေဖြင့် စစ်တမ်းပြုစုရာ၌ စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု နှင့် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်ဟု ခွဲခြမ်းပြထားပြီး ကျူးလွန်သူအုပ်စုအား စစ်ကောင်စီ၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နှင့် အခြားအမည်မသိအဖွဲ့အစည်းများဟူ၍ ခွဲခြားကာ အသေးစိတ်ဖော်ပြထားသည်။
“စစ်ကောင်စီက ကျူးလွန်တဲ့အမှုတွေဆိုရင် အရပ်သားတွေကို အဓိက ပစ်မှတ်ထားတာ တွေ့ရတယ်။ ဒါကဘာကြောင့်လဲပေါ့။ ကျနော်တို့ သုံးသပ်ချက်အရတော့ တော်လှန်အင်အားစု ဘက်ကစိုးမိုးနယ်မြေများလာတယ်။ ဒီလိုများလာတာ လူထုဘက်ကထောက်ခံမှုကြောင့်ဆိုတဲ့ စွပ်စွဲချက်ပုံစံမျိုးနဲ့ လူထုကိုငါတို့ချေမှုန်းနိုင်ရင် တော်လှန်ရေးအားနည်းသွားမယ်ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ လူထုကိုတိုက်ခိုက်တာပါ” ဟု PMCSG ၏ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထို့အပြင် စစ်ကိုင်း၊မကွေး ကဲ့သို့ အညာတော်လှန်ရေးအင်အားစုများအားကောင်းသည့်နေရာတွင် စစ်ကောင်စီက ပြည်သူလူထုပစ်မှတ်ထား လေကြောင်းနှင့်လက်နက်ကြီး၊ အသုံးပြုတိုက်ခိုက်လျက်ရှိသည်။ ရန်ကုန်၊ နေပြည်တော်ကဲ့သို့ ၎င်းတို့စိုးမိုးနိုင်သည့် နယ်မြေများတွင်လည်း စစ်မှုထမ်းဥပဒေအကြောင်းပြ စီးနင်းရှာဖွေခြင်း၊ ပေါ်တာဆွဲခြင်းတို့လုပ်ဆောင်ခြင်းက အရပ်သားပြစ်မှတ်ထားတိုက်ခိုက်မှုတွင် ပါဝင်ကြောင်း အဖွဲ့ကသုံးသပ်တင်ပြသွားသည်။
တဖက် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်ရေးပစ်မှတ်ကို အဓိထား တိုက်ခိုက်မှုပိုများသော်လည်း စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုကျူးလွန်ခြင်းတို့ရှိနေကြောင်း PMCSG ၏ မြေပြင်တာဝန်ခံတို့က ဆိုသည်။
တော်လှန်ရေးအင်အားစုများသည် သတ်မှတ်ထားသည့် စည်းမျဥ်းကျင့်ဝတ်များအတိုင်း လိုက်နာကျင့်သုံးနေသော်လည်း အချို့သောအရပ်သားပစ်မှတ်ထားမိသည့်ဖြစ်စဥ်တို့သည် အမိန့် ပေးစနစ်မကောင်းခြင်း၊ အရပ်သားကာကွယ်ရေးယန္တရား ကျစ်လစ်ခိုင်မာမှုမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း အဖွဲ့က ထောက်ပြသည်။
ဒေသတွင်းလေ့လာစောင့်ကြည့်ရေးလုပ်နေသည့် PMCSG ကို မြေပြင်မှာရှိနေသောလူငယ်တို့ဖြင့် ၂၀၂၂ ခုနှစ်မှစတင်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထို့နောက်အဖွဲ့၏ရည်ရွယ်ချက်အတိုင်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရန် သက်သေများစုဆောင်းသည့်အနေဖြင့် တိုင်းဒေသကြီးအလိုက် စစ်တမ်းကောက်ယူမှုများပြုလုပ်ပြီး ရလာသောအချက်အလက်များကို NUG သို့ပေးပို့လျက်ရှိသည်ဟုလည်း PMCSG ထံမှသိရသည်။