မတ်လ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်-ကရင်ပြည်နယ်အစပ်ရှိ ကော့ဘိန်းကျေးနယ်၊ ကော့တုံကျေးရွာနှင့်အနီးတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီလက်အောက်ခံ မွန်ပြည်သူ့ စစ်တပ်ဖွဲ့ဖြစ်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၏ ကော့တုံဌာနချုပ်ခေါင်းဆောင် နိုင်အိုင်ချမ်းနှင့် စစ်ကြောင်းမှူး ဗိုလ်တောက်ဆိုသူတို့ ပစ်ခတ်ရှင်းလင်းခံရကြောင်း နယ်မြေတာဝန်ရှိ မွန်တော်လှန်ရေးတပ်ဖွဲ့ကဆိုသည်။
ထိုနေ့ နံနက်ပိုင်း (၈)နာရီဝန်းကျင်က မွန်ပြည်သူ့စစ်အဖွဲ့၏ ဗိုလ်မှူးချုပ်အဆင့်ရှိ နိုင်အိုင် ချမ်းသည် ကော့ဘိန်းမှ ကော့တုံရွာသို့ မော်တော်ယာဥ်ဖြင့်ပြန်လာရာ လမ်းတစ်နေရာတွင် အမည်မသိလက်နက်ကိုင်လူတစ်စုမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းမှူး ဗိုလ်တောက်မှာလည်း ကော့တုံလောင်းကစားဝိုင်းဟောင်းအနီး၌ ပစ်ခတ်ခံလိုက်ရ၍ ဦးခေါင်းကြေမွဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်ဟု သိရသည်။
“နိုင်အိုင်ချမ်းကတော့ ဘုရားကြီး ဇီးဖြူကုန်း ရပ်ကွက်နားမှာ မနက် ၈ နာရီကျော်လောက်က ပစ်သတ်ခံလိုက်ရတယ်။ စစ်ကြောင်းမှူး ဗိုလ်တောက်ကတော့ အရင်ကကော့ တုံလောင်း ကစားဝိုင်းနေရာမှာ မနက် ၉ နာရီခွဲလောက်က ပစ်သတ်ခံရပြီး ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေသွားတယ်။ နှစ်ယောက်လုံးပွဲချင်းပြီးပဲ။ အသတ်ခံရတာ နာရီဝက်လောက်ပဲခြားတယ်” ဟု ကော့ဘိန်းကျေးနယ်လှုပ်ရှားသည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်၏ သတင်းပြန်ကြားရေးဘက်က ဆိုသည်။
စစ်အုပ်စု ဩဇာခံ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် နိုင်အိုင်ချမ်းမှာ ယခင် ကတည်းက လက်နက်အားကိုးဖြင့် ပြည်သူပိုင်လယ်မြေများကို အတင်းအဓမ္မသိမ်းယူထား သူလည်းဖြစ်၍ လက်ရှိ မူးယစ်ဆေးဖြန့်ဖြူးရောင်းချမှု လုပ်ကိုင်နေသူလည်းဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့ ပြောပြချက်အရ သိရသည်။
နိုင်အိုင်ချမ်းပစ်ခတ်ခံရပြီးနောက် ကော့တုံရွာဌာနချုပ်ကို လက်နက်ကိုင်လူစုက ဝင်ရောက်ပစ်ခတ်ခဲ့သေးကြောင်း ဒေသသတင်းမီဒီယာအချို့က ဖော်ပြထားသည်။
ထို့အပြင် ၎င်းခေါင်းဆောင်သည့် ကော့တုံရွာအခြေစိုက် မွန်ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့စခန်းမှာ နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီအဖွဲ့ဝင် ရဲတပ်သားအချို့လည်း အဝင်အထွက်ရှိသည့် စခန်းဖြစ်၍ ယခင်ကလည်း ပစ်ခတ်တိုက်ခိုက်ခံရဖူးသည်။
အဆိုပါ နယ်မြေတွင် လက်ရှိ စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်နေသော မွန်ပြည်လွတ် မြောက်ရေးတပ်တော်-MLA မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့-NMSP-AD တို့ စစ်ရေးလှုပ်ရှားသလို ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းလည်းဖြစ်၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA လည်း စစ်ရေးအရ လုပ်ဆောင်မှုရှိသည်။