Home သတင်း ကော့ကရိတ်တွင် လေကြောင်းရန်ကြောင့် KECD စာမေးပွဲများ တောတောင်ထဲ၌ ဖြေဆိုရ

ကော့ကရိတ်တွင် လေကြောင်းရန်ကြောင့် KECD စာမေးပွဲများ တောတောင်ထဲ၌ ဖြေဆိုရ

876
Photo: CJ

မတ်လ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် လေကြောင်း ရန်ကြောင့် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) လက်အောက်ရှိ ကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများ တောတောင်ထဲ၌ စာမေးပွဲ ဖြေဆိုနေရသည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ကော့ကရိတ်မြို့နယ်၊ အနောက်ဒေါနဘက်ခြမ်းတွင် ယခုလအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲမှုများ ပိုမိုလုပ်ဆောင်လာသဖြင့် စာသင်ကျောင်းအတွင်း စာမေးပွဲဖြေဆိုရန် လုံခြုံမှုမရှိသည့်အတွက် ယခုလို တောတွင်း၌ စာမေးပွဲ ဖြေဆိုရခြင်း ဖြစ်သည်ဟု KECD ဆရာမတစ်ဦးက ပြောသည်။

“ကျမတို့မြို့နယ်မှာ စစ်တပ်က လေကြောင်းသုံး ဗုံးကြဲမှုတွေများလာတော့ ကျောင်းသားတွေ စာမေးပွဲ ဖြေဖို့ စိုးရိမ်ကြောက်လန့်မှုတွေရှိလာတယ်။ ဒါကြောင့် စာမေးပွဲကို ကျောင်းထဲမှာ မလုပ်ရဲတော့ဘူး။ တောထဲတောင်ထဲက သစ်ပင်အောက်မှာပဲ စီစဥ်ပေးရတယ်” ဟု ၎င်းဆရာမက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန လက်အောက်ရှိ ကျောင်းများ ယခုပညာသင်နှစ်အတွက် စာမေးပွဲ စစ်ခြင်းကို နေရာဒေသပေါ်မှုတည်၍ နေရာခွဲ ပြုလုပ်ခဲ့သည်ဟု အဆိုပါ ဌာနတာ ဝန်ရှိသူက ပြောသည်။

ကော့ကရိတ်မြို့နယ် KECD ဝန်ထမ်းတစ်ဦးက “စာမေးပွဲကို ကျောင်းမှာ လုပ်ဖို့အဆင် မပြေဘူး။ အရင်နှစ်တွေလို့ ကျောင်းတွေ စုပေါင်းပြီး လုပ်လို့လည်းမရဲဘူး။ နေရာတွေခွဲပြီး စာမေးပွဲ ပြုလုပ်နေရတယ်” ဟု ပြောသည်။

ကေအဲန်ယူ၊ ကော့ကရိတ်မြို့နယ်၊ KECD လက်အောက်ခံ စာသင်ကျောင်းများ၊ ယခု ၂၀၂၄-၂၅ ခုနှစ် ပညာသင်နှစ် စာမေးပွဲများကို လေကြောင်းရန် စိုးရိမ်မှုများကြားမှ မတ် ၁၄ ရက်နေ့တွင် အောင်မြင်စွာ စစ်ဆေး၊ ဖြေဆိုပြီးစီး သွားပြီးဖြစ်သည်ဟု သိရသည်။

ထို့အတူ ကေအဲန်ယူ၊ ဖားအံခရိုင်ရှိ မူအေးပူ အထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသား များသည်လည်း လေကြောင်းနှင့် လက်နက်ကြီးစိုးရိမ်မှုများကြောင့် နောက်ဆုံး အတန်းတင် စာမေးပွဲကို ဘေးလွတ်ရာ တောတောင်တစ်နေရာတွင် ဖြေဆိုခဲ့ကြရသည်ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။