မတ်လ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့ တတန်ကူးကျးရွာအနီးဝန်းကျင်တွင် တပ်စွဲထားသော စစ်ကောင်စီအောင်ဇေယျစစ်ဆင်ရေး နောက်တန်းကွပ်ကဲရေးစခန်းနှင့် အာရှလမ်းရှေ့တန်းစစ်ကြောင်းများအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု စစ်မြေပြင် သတင်းအရင်းအမြစ်ထံမှ သိရသည်။
ထိုသို့ ပြန်လည် ထိုးစစ်ဆင်မှု လုပ်ဆောင်သည့်အတွက် ကော့ကရိတ်မြို့တွင်းသို့ KNLA ပူးပေါင်းတပ်များ ဝင်ရောက်မလာနိုင်ရေး ခံစစ်ပြင် ခုခံတိုက်ခိုက်နေကြောင်း ကော့ကရိတ်စစ်ရေးနယ်နယ်မြေ KNLA ပူးပေါင်း တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။
KNLA မဟာမိတ်ပူးပေါင်းတပ် စစ်ရေးသတင်းအရင်းအမြစ်က ” မြေပြင်က တိုက်မနိုင်တော့ ဒရုန်းလေး လုံးတွဲဗုံးသီးတွေကြဲချနေတယ်။ ခနိမ်းမူ ဘက်၊ ၃ ဂိတ်ဘက်ကိုလည်း စစ်ကူတွေပို့နေတယ်။ ကာကင်းတွေ အင်အားဖြည့်နေတယ်။ KNLA အဖွဲ့တွေ မြို့ထဲကို ပတ်ဝိုင်းလာရင်ခံတိုက်ဖို့ ခံစစ်ပြင်နေတယ်” ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။
ယခုရက်ပိုင်း တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး ဆယ်နှင့်ချီသော သေဆုံး စစ်သည်အလောင်းများကို နှစ်ယောက်ကျင်း၊ သုံးယောက်ကျင်းတူးပြီး မြေမြှုပ်ခဲ့သည်ဟုလည်း အဆိုပါ စစ်ရေးသတင်းအရင်းအမြစ်က ဆက်ပြောသည်။
လက်ရှိ ကော့ကရိတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၂ တပ်ရင်းမှ စစ်ကူအင်အား ၅၀ ကျော် ကို ကော့ကရိတ်မြောက်ပိုင်း မြို့အထွက် အမှတ် (၃) ဂိတ်နေရာတွင် စစ်ကြောင်းကင်းပုန်းချထားပြီး အာရှလမ်းနှင့် ဆက်သွယ်ထားသည့် ကော့နွဲ၊ ရွာသစ်ကုန်း ၊ တတန်ကူး၊ ဆင်ကုန်း၊ ပျားပင်ရွာဘက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။



















