Home သတင်း အတင်းအဓမ္မ စစ်မှုထမ်းရသူများ အလင်းဝင်ရန် KNU ဖိတ်ခေါ်

အတင်းအဓမ္မ စစ်မှုထမ်းရသူများ အလင်းဝင်ရန် KNU ဖိတ်ခေါ်

747
Photo: KNU

ဖေဖော်ဝါရီ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက မတရားအတင်းအဓမ္မ စေခိုင်းမှုကြောင့် လက်နက်ကိုင် စစ်မှုထမ်းနေရသူများကို ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်ရန် အမြဲမပြတ် ကြိုဆို ကြောင်း ကေအဲန်ယူက ထုတ်ပြန် ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၅)ရက်နေ့က ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၉)ထံသို့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၄ မှ တပ်ဖွဲ့ဝင်(၄)ဦး လက်နက်နဲ့တကွ လာရောက်ခိုလှုံသည့်အပေါ် ကေအဲန်ယူ-ဗဟိုမှ ယမန်နေ့က ယခုလို ထုတ်ပြန် ပြေဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်အပ်နှံ အလင်းဝင်လာသူ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသည် ပေါ်တာဆွဲခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းရန် စေခိုင်းခံရသည့် ရန်ကုန်နှင့် ပုသိမ်မြို့နေ လူငယ်များဖြစ်ကြောင်း၊ ၎င်းတို့ကို ကေအဲန်ယူဘက်က ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုဝါးမူက ယခုလိုပြောသည်။

“အကြမ်းဖတ်စစ်ကောင်စီရဲ့လုပ်ရပ်တွေနဲ့ မတရားခံတဲ့ စစ်သားစုဆောင်းမှုတွေ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီတပ်သားဖြစ်နေသူတွေအနေနဲ့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ရင်ခွင်ဆီကို ခိုလှုံဖို့ အစဉ် အမြဲ တံခါးဖွင့်ထားပါတယ်။ ခိုလှုံလာသူတွေကို ကျနော်တို့ ကောင်းစွာ စောင့်ရှောက်ပြီး လုံခြုံစွာနေထိုင်နိုင်ရေး စီစဉ်ထားပါတယ်။ သူတို့ ဆန္ဒအတိုင်း ဘဝလမ်းကို ဆက်လျှောက် နိုင်အောင်လည်း ကူညီပေးသွားမှာပါ” ဟု ပဒိုစောဝါးမူက ကေအိုင်စီသို့ ပြောသည်။

KNLA တပ်ရင်း(၉)ထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ခမရ-၅၈၄ မှ ညီညီလွင် အမည်ရှိ ဒုတပ်ကြပ် နှင့် မြင့်ဝင်း၊ မျိုးမင်းသက်၊ စောအေးဖေ အမည်ရှိ တပ်သား(၃)ဦး ဖြစ်ပြီး ၎င်းတို့နှင့်တကွ MA-4 တွဲပစ်လောင်ချာ ၁ လက်၊ MA 1 (၂)လက်၊ ကျည် (၇၅)တောင့်နှင့် ကျည်ဘောက် (၃)ခုတို့ ပါဝင်လာသည်။

Photo: KNU

ထို့ကြောင့် ကေအဲန်ယူတာဝန်ရှိသူများနှင့် KNLA တပ်ရင်း(၉)မှတာဝန်ရှိသူများပူးပေါင်းပြီး ၎င်းတို့တစ်ဦးလျှင် မြန်မာကျပ်ငွေ (၁၀)သိန်းချီးမြင့်ခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုက ထုတ်ပြန် ပြောသည်။

စစ်ကောင်စီက အင်အားလိုအပ်ချက်အရ ပြည်သူ့ စစ်မှုထမ်းဥပဒေကို မတရားသဖြင့် ပြဌာန်းခဲ့ပြီး တစ်နှစ်အတွင်း လူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ်နေသည်ဟု ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ရွာများရှိ ဒေသခံများက ပြောသည်။

ယခုလို အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီးနောက် လက်နက်အပ်နှံအလင်းဝင်သူ များပြားနေသလို တော်လှန် ရေး တပ်ဖွဲ့များကလည်း စစ်မှုထမ်းဥပဒေစတင်စဥ်ကတည်းက အတင်းအကြပ် စစ်မှုထမ်းခိုင်းစေ ခံရသူများ စစ်တပ်မှစွန့်ခွာ၍ ၎င်းတို့ထံခိုလှုံရန် ဖိတ်ခေါ်ထားသည်။

အလားတူ ကျောက်ကြီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလ(၆)ရက်နေ့ကလည်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခလရ-၂၈၈ မှ တပ်ဖွဲ့ဝင်(၂)ဦး KNLA တပ်ရင်း(၉)ထံ လက်နက်နှင့်တကွ လာရောက်ခိုလှုံခဲ့သည်ဟု သိရသည်။