ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အင်ဒိုနီးရှားနိုင်ငံသို့ ရိုဟင်ဂျာ ၂၆၄ ဦးကို ပို့ဆောင်သည့် စက်လှေမောင်းသူ ကပ္ပတိန် မြန်မာ ၄ ဦးကို အင်ဒိုရဲတပ်ဖွဲ့က စွဲချက် တင်နိုင်ရန် ပြင်ဆင်နေသည်ဟု Tempo သတင်းဌာနတွင် ဖော်ပြထားသည်။
အဆိုပါ ရိုဟင်ဂျာ ၂၆၄ ဦးကို တင်ဆောင်လာသည့် စက်လှေသည် ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့တွင် အရှေ့အာချေးဒေသ၊ အနောက် ဖရူရူးလက် ခရိုင်၊ ဂျလန်း ဘာရို့၊ အလူဘူ ရွာသို့ ကမ်းကပ်ခဲ့ကြသည်ဟု Tempo သတင်း၌ ဖော်ပြထားပါသည်။
“သံသယရှိသူတွေဟာ ရွှေ့ပြောင်းနေထိုင်သူ ၂၆၄ ဦးကို တင်ဆောင်လာတဲ့ လှေ ၂ စင်းရဲ့ ကပ္ပတိန်များအဖြစ် ဆောင်ရွက်ခဲ့ ပါတယ်။ သူတို့က အလှည့်ကျ ပြေးဆွဲနေတဲ့ လှေတွေနဲ့ မြန်မာနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို ထွက်ခွာလာခဲ့ပါတယ် ” ဟု အရှေ့အာချေးရဲတပ်ဖွဲ့၏ မှုခင်းစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ၊ စစ်ဆေးရေးမှူး အဒီ ဝါယု နူဟိုင်ဒရက်က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောသည်။
ယခုလို အင်ဒိုနီးရှားသို့ ရိုဟင်ဂျာများ ပို့ဆောင်သည့် စက်လှေမောင်းသူသည် သံလိုက် အိမ်မြှောင်ကို အားကိုးကာ မောင်းနှင်လာ ခြင်းဖြစ်ပြီး မျက်မြင်သက်သေများက ၎င်းတို့ ၄ ဦးကို စက်လှေမောင်းသူများ ဖြစ်သည်ဟု အတည်ပြုပေးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် စုံစမ်းစစ်ဆေးသူများသည် သံသယရှိသူများအပေါ် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်များအား ခိုင်မာစေရန်အတွက် လူဝင်မှု ကြီးကြပ်ရေး၊ နိုင်ငံတကာရာဇ၀တ်မှု ဥပဒေနှင့် ရာဇ၀တ်မှုဆိုင်ရာ ဥပဒေများ အပါအဝင် ကျွမ်းကျင်သူများစွာထံမှ ထွက်ဆိုချက် များကို ရယူခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသား ၄ ဦးသည် လူမှောင်ခိုကူးရာတွင် အတွေ့အကြုံများစွာရှိခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက သံသယရှိကြောင်း အဒီ ဝါယု နူဟိုင်ဒရက်က ပြောသည်။
၎င်းတို့အား ၂၀၁၁ ခုနှစ် အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေ အမှတ် ၆ အပိုဒ် (၂) နှင့် ပုဒ်မ ၁၂၀၊ အပိုဒ် (၁) အရ တရားစွဲ ဆိုထားကာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၅၊ အပိုဒ် (၁) နှင့်ပေါင်းစပ်၍ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ် နိုင်သည်။
ခိုးသွင်းလာသည့် ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူတွေမှာ အမျိုးသား ၁၁၇ ဦးနဲ့ အမျိုးသမီး ၁၄၇ ဦး ပါဝင်သည်ဟု အဆိုပါ သတင်း၌ ဖော်ပြထားသည်။
Source: Tempo



















