Home သတင်း ပဒိုမန်းရှာ၏ လမ်းစဥ်များအား အားပြုယူရင်း ကရင့်နိုင်ငံရေးရည်မှန်းချက်ရရှိရေး စုစည်းတိုက်ပွဲဝင်ကြ ရန် ပဒိုစောလှထွန်းတိုက်တွန်း

ပဒိုမန်းရှာ၏ လမ်းစဥ်များအား အားပြုယူရင်း ကရင့်နိုင်ငံရေးရည်မှန်းချက်ရရှိရေး စုစည်းတိုက်ပွဲဝင်ကြ ရန် ပဒိုစောလှထွန်းတိုက်တွန်း

654

ဖေဖော်ဝါရီ ၁၅ ရက် ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း ၏ လမ်းစဥ်များအား အားပြုယူ၍ ကရင်အမျိုးသားတို့အလိုရှိသည့် အမျိုးသားရေး၊ နိုင်ငံရေး၊ တော်လှန်ရေးရည်မှန်းချက်သို့ ရောက်ရှိရေး စုစုစည်းစည်း တိုက်ပွဲဝင်ကြရန် ကေအဲန်ယူ၏တွဲ ဘက်ထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက တိုက်တွန်းသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျရောက်သည့် ပဒိုမန်းရှာလားဖန်းကျဆုံးခြင်း (၁၇)နှစ်မြောက် အခမ်းအနားကို ကေအဲန်ယူထိန်းချုပ်နယ်မြေတစ်နေရာ၌ ပြုလုပ်ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသည့် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး ပဒိုစောလှထွန်းက ယခုလို အမှတ်တရပြောကြားသွားခြင်းဖြစ်သည်။

“ကျနော်တို့ သူ့အပေါ်ထားရှိတဲ့ချစ်ခြင်းမေတ္တာ သူ့ရဲ့လူထုအပေါ်ထားရှိတဲ့စေတနာတွေကို အပြန်အလှန်ပေါင်းစပ်ရင်း၊ သူ့ကိုသတိရအောက်မေ့၊ ဦးညွှတ်ရင်း၊ သူတည် ဆောက်ခဲ့တဲ့တည် ဆောက်ပုံတွေ၊ လမ်းစဥ်တွေကိုအားပြုယူရင်းနဲ့ သူမြင်ချင်တဲ့ ကရင်တွေရဲ့ နိုင်ငံရေးရည်မှန်း ချက်ရအောင် စုစုစည်းစည်းတိုက်ပွဲဝင်ကြဖို့တိုက်တွန်းလိုတယ်” ဟု ပဒိုစောလှထွန်းက အခမ်းအနားတွင်ပြောသည်။

ထို့အပြင် ပဒိုမန်းရှာလားဖန်း ပြောကြားခဲ့သည့် “ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုမျိုးရှိရမယ်” ဆိုသည့်စကားအတိုင်း အနာဂတ်ခေါင်းဆောင်ဖြစ်လိုသည့် ကရင်လူငယ်များ မိမိတို့၏သမိုင်းကို မိမိတို့ကိုယ်တိုင် ထုဆစ်၊ တည်ဆောက်သွားရမည်ဖြစ်ကြောင်းလည်း ပဒိုစောလှထွန်းက တိုက်တွန်းသည်။

ပဒိုမန်းရှာလားဖန်း၏ ကျန်ရစ်သူ မိသားစုဝင်များနှင့် မိတ်ဖော်ဆောင်ဖက် တော်လှန်ရေး ခေါင်းဆောင်များ ဦးဆောင်၍ ကျင်းပသည့် ကျဆုံးခြင်း (၁၇)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားအား အစီအစဥ်နှစ်ရပ်ဖြင့်ပြုလုပ်ခဲ့သည်။ အစီအစဥ်(၁)အရ ပဒိုမန်းရှာအောက်မေ့ဖွယ်နှင့်ပတ်သက်သည့် အမှတ်တရ၊ ဂုဏ်ပြုစကားပြောကြားခြင်း၊ အလေးပြုခြင်းနှင့် ပါဝင်တက်ရောက်လာသည့် ကရင်လူငယ်များက တေးသီချင်း သီဆိုဂုဏ်ပြုခဲ့ကြသည်။

ထို့နောက် အစီအစဥ်(၂)အရ တက်ရောက်လာသူများက ပဒိုမန်းရှာ၏အုတ်ဂူရှိရာသို့ သွားရောက်၍ ဖယောင်းတိုင် ဆီမီးထွန်းညှိခြင်း အစီအစဥ်ကိုဆက်လက်ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပဒိုမန်းရှာလားဖန်း၏ သမီးကြီး နန့်ဘွားဘွားဖန်းနှင့် သားငယ် စလုံ့ဖန်းတို့ တက်ရောက်လာကြသည်။ ထို့အပြင် ကေအဲန်ယူဘက်က ပဒိုစောလှထွန်းအပါအဝင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA(ဗဟို) စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော နှင့် အခြားခေါင်းဆောင်များ၊ ကရင်လူငယ်များ စုစုပေါင်း ဧည့်ပရိသတ် (၇၀)ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

ပဒိုမန်းရှာလားဖန်းကို ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တော ကျောင်းရွာမှာ မန်းဘသော် နှင့် ဂါ့နမ်တင်တို့က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၃ ဦးအနက် ဒုတိယ မြာက်သားဖြစ်သည်။ ငယ်နာမည်မန်းချစ်ရွှေ ဖြစ်ပြီး ကရင့်တော်လှန်ရေးထဲတွင် မန်းရှာလားဖန်းနာမည်ဖြင့် တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။

ထို့နောက် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက် မြို့ရှိ ၎င်းနေထိုင်ရာ နေအိမ်၌ မသမာသူများ၏ လုပ်ကြံခြင်းခံခဲ့ရပြီးနောက် ကွယ်လွန်ခဲ့ရသည်။