Home သတင်း တရုတ်နိုင်ငံ လုံခြုံရေးနှင့်ပြည်သူ့ရေးရာဌာန လက်ထောက်ဝန်ကြီး မြဝတီသို့ ရောက်ရှိခဲ့

တရုတ်နိုင်ငံ လုံခြုံရေးနှင့်ပြည်သူ့ရေးရာဌာန လက်ထောက်ဝန်ကြီး မြဝတီသို့ ရောက်ရှိခဲ့

830
Photo: Social Media

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့နယ်ရှိ ကျားဖြန့်ကိစ္စများနှင့်စပ်လျဥ်းပြီး တရုတ်နိုင်ငံ၏လုံခြုံရေးနှင့်ပြည်သူ့ရေးရာဌာန လက်ထောက်ဝန်ကြီး မစ္စတာ Liu Jong-I သည် ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ ယနေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် ရောက်ရှိခဲ့ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များမှ သိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ယနေ့မနက် ၁၀ နာရီက ရောက်ရှိလာသော တရုတ်ဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မြန်မာဘက်မှလွှဲပြောင်းလာသည့် တရုတ်နိုင်ငံသားများ ထားရှိမည့်နေရာများအား လိုက်လံကြည့်ရှုကာ ထိုင်းအာဏာပိုင်များနှင့်တွေ့ဆုံစကားပြောဆိုခဲ့သည်ဟု ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးက ဆိုသည်။

ထို့နောက် ထိုင်း-မြန်မာချစ်ကြည်ရေးတံတား (၁)နှင့်(၂)သို့ လေ့လာရေးအပြီး တာဝန်ရှိသူ များနှင့်တွေ့ ဆုံပြောဆိုမှုပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် မြန်မာနိုင်ငံ မြဝတီမြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု နယ်စပ်သတင်းအရင်းအမြစ်ထံမှ သိရသည်။

“ဒီမနက်ကို သူလေယာဥ်နဲ့ဆင်းပြီး တံတား (၁)နဲ့ (၂) ဘက်ကိုလေ့လာတယ်။ ပြီးတော့ ထိုင်းဘက်က အမျိုးသား လုံခြုံရေးတို့ဘာတို့ ထိုင်းစစ်တပ်တို့နဲ့တွေ့ကြတယ်။ ကျားဖြန့်နှိမ်နင်းမှုအရှိန်မြင့်တင်ရေးတို့ဘာတို့ အတွက်ပေါ့။ မွန်းလွဲ ၂ နာရီလောက်မှ မြန်မာဘက်ကို ကူးသွားတယ်။ ၃ နာရီခွဲကျော်လောက်မှာ ထိုင်းဘက်ကို ပြန်ရောက်ပြီ။ ” ဟု နယ်ခံ သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

Photo: Social Media

နယ်စပ်ဒေသကိုစိုးမိုးသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA နှင့် နယ်ခြားစောင့်တပ်-BGF ဘက်ကလည်း ပြီးခဲ့သည့်ရက်ပိုင်းက ၎င်းတို့နယ်မြေအလိုက် ကျားဖြန့်ရှင်း လင်းဖော်ထုတ်ရေး တို့လုပ်ဆောင်နေကြပြီး ရှာဖွေတွေ့ရှိထားသူ ရာနှင့်ချီရှိခဲ့ကြောင်း အတိအလင်းကြေညာသည်။

DKBA ဘက်က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထိုင်းသို့ လွှဲပြောင်းပေးလိုက်သည့် နိုင်ငံခြားသားများအနက် ထိုင်ဝမ်မှ(၄)ဦးသာပါဝင်၍ အခြားတရုတ်လူမျိုးပါဝင်ခြင်းမရှိသလို BGF ဘက်ကလည်း တရုတ်လူမျိုးမည်မျှ စစ်ဆေးလက်ခံထားကြောင်း တရားဝင်ထုတ်ဖော်လာခြင်းမရှိသေးပါ။

ဘန်ကောက်ပို့စ် သတင်းဌာန၏ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ သတင်းဖော်ပြချက်တွင်မူ တရုတ်နိုင်ငံဘက်က ကျားဖြန့်ကိစ္စဖြင့်သံသယရှိစာရင်းဝင် တရုတ်လူမျိုး ၃,၇၀၀ ကျော်အား စာရင်းအတိအကျဖြင့် ပေးပို့လာမှုကို ထိုင်းဘက်ကလက်ခံရရှိထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း မစ္စတာ Liu Jong-I နှင့်အဖွဲ့သည် ကျားဖြန့်လုပ်ငန်းများဖြင့် နာမည် ဆိုးထွက်နေသော မဲဆောက်မြို့တစ်ဖက်ခြမ်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ KK Park မြို့သစ်နေရာကို သွားရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သေးသည်။