ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနောက်ဘက်ရှိ ကင်မွန်းခြုံရွာကြီးအတွင်း လမ်းမနှင့်လမ်းပိုင်းအချို့တွင် စစ်ကောင်စီတပ်က ဂိတ်များအထိုင်ချကာ ပိတ်ဆို့တားမြစ်မှုကြောင့် ၆ လကျော်ကြာမြင့်လာသည်အထိ နေအိမ်မပြန်နိုင်သေးကြောင်း ရှောင်တိမ်းနေရသည့်ကင်မွန်းခြုံရွာခံများက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လက စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကင်မွန်းခြုံရွာ လမ်းမကြီးနှင့် တချို့လမ်းပိုင်းများတွင် ဂိတ်များချ၍ ဝင်ထွက်ခွင့်ပိတ်ပင်ခဲ့ရာ သိမ်ကုန်း၊ ရှမ်းစု၊ မွန်ကုန်း၊ ရွှေပုဂံ၊ ဒိုးတန်း၊ ရွှေကျင်စု စသည့်အပိုင်းမှ ဒေသခံများမှာ ယာယီစစ်ရှောင်ရာမှ နေရပ်မပြန်နိုင်ဘဲ လက်ရှိအချိန်ထိ တိမ်းရှောင်နေရသည်ဟု သိရသည်။
ရှမ်းစုအပိုင်းနေ ရွာခံတစ်ဦးက “တိုက်ပွဲကတော့ မဖြစ်တော့ဘူး။ သူတို့တွေ(စစ်ကောင်စီ)ရှိနေလို့သာ ပြန်မရတာ။ သူတို့ကကင်မွန်းခြုံတစ်ခုလုံးကိုပိတ်တာတော့မဟုတ်ဘူး။ မိန်းလမ်းမနဲ့နီးတဲ့နေရာတွေ၊ တချို့သူတို့သတ်မှတ်ထားတဲ့လမ်းပိုင်းတွေမှာ ဂိတ်ထားတယ်၊ ပိတ်တယ်။ တစ်ခေါက်က ကိုယ့်အိမ် ကိုယ်ပြန်တာ သူခိုးလိုပဲ၊ အနောက်လမ်းကပတ်ဝင်ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် စစ်တပ်က ပိတ်ထားသည့်လမ်းပိုင်းရှိ နေအိမ်နှင့်ဈေးဆိုင်အချို့တို့မှ ပစ္စည်းများကို ခိုးယူ၊ ဖောက်ယူနေကြသလို အချို့နေအိမ်အတွင်း တက်ရောက်နေထိုင်ကြခြင်းတို့လည်းရှိသည်ဟု ကင်မွန်းခြုံရွာခံတို့က ပြောသည်။
နေအိမ်မပြန်နိုင်သေးသည့် ရွာခံများမှာ ဇရပ်ကြီးနှင့်တောင်ငူမြို့ပေါ်သို့ အချို့ရှောင်တိမ်းနေထိုင်ကြရပြီး ဇာတိရွာတွင်ကျန်ရစ်ခဲ့သည့် အသက်မွေးလုပ်ငန်းများကိုလည်း ကောင်းမွန်စွာမလုပ်ကိုင်နိုင်တော့သဖြင့် ရေရှည်စားဝတ်နေထိုင်ရေး အခက်အခဲဖြစ်ရကြောင်း သိရသည်။
“ကျမတို့က လယ်ပဲလုပ်တာလေ၊ ရွာမှာရေကြီးတုန်းက လယ်ကရေနစ်၊ ခုလို အိမ်ကမပြန်နိုင်တော့ ဘာမှမရလိုက်ဘူး။ အရင်းတွေလည်း ရှုံးကုန်တယ်။ စစ်စရှောင်ရကတည်း ကင်မွန်းခြုံ လူမရှိတဲ့အိမ်တွေမှာ ဟိုအိမ်ဖောက်ခံရ ဒီအိမ်ဖောက်ခံရနဲ့ကြားတာ။ ကျမတို့အိမ်မှာလည်းရှိတာတွေ ဖောက်ယူကုန်ပြီး အခွံပဲကျန်တော့တယ်။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် မိုးစပါးရိတ်သိမ်းချိန်တွင် ကင်မွန်းခြုံသို့ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားသည့် စစ်တပ်က စပါးရိတ်ရန်အတွက်ပင် ပေးမပြန်ဘဲ ဂိတ်ဖြတ်သန်းသွားလာခများ ကောက်ခံခဲ့သည့်ဖြစ်စဥ်များလည်းရှိခဲ့သည်။
ထို့အတူ တိုက်ပွဲဖြစ်ပြီးကာစ နယ်မြေမငြိမ်မသက်ကာလအတွင်း ဇရပ်ကြီးအနောက်ခြမ်းမှ မြို့ပေါ်သို့ သွားလာသည့် အရပ်သားအချို့အား စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု စွပ်စွဲသတ်ဖြတ်သည်အထိ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ကင်မွန်းခြုံနေ အမျိုးသားတစ်ဦးမှာ မိမိခြံဝင်းအတွင်း မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သေးသည်။



















