ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဘရူနိုင်းဘုရင်စူတန် ဟာဆင်နယ် ဘိုခီရာ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ ဘရူနိုင်းနိုင်ငံ၌ တွေ့ဆုံစဉ် မြန်မာ့အရေးထည့်သွင်း ဆွေးနွေးခဲ့သည်ဟု နိုင်ငံတကာသတင်းများ၌ ဖော်ပြထားသည်။
ထိုဆွေးနွေးပွဲသို့ အာဆီယံဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့အနေဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ ရေးသားထုတ်ပြန်မှုအပေါ် နိုင်ငံတကာ သတင်းဌာနများက ကိုးကားဖော်ပြထားသည်။
“မြန်မာ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ အာဆီယံရဲ့ မူ ၅ ချက် သဘောတူညီမှုကို စွဲကိုင်ထားလုပ်ဆောင်နေပေမဲ့ သက်ဆိုင်သူတွေ အားလုံးနဲ့ ထိတွေ့ဆက်ဆံမှု လုပ်ငန်းစဉ်ကို ဆက်လုပ်ဖို့ အားမလျှော့သင့်ဘူးလို့ ရှုမြင်ပါတယ်” ဟု လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ် အန်ဝါက ပြောသည်။
ထို့အပြင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် ငွေလိမ်လုပ်ငန်းများ ကြီးထွားလာသည်ကိုလည်း စိုးရိမ်ကြောင်း မလေးဝန်ကြီးချုပ် အန်ဝါက ပြောဆိုသည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အားလုံးအနေဖြင့် အပြုသဘောဆောင်သည့် လမ်းကြောင်း တစ်ခုဆီသို့ မည်သို့ မည်ပုံ အကောင်းဆုံးလုပ်ဆောင်ရမည်ကိုလည်း ဆွေးနွေးခဲ့သည်ဟု အန်ဝါက ထုတ်ဖော် ပြောကြားသည်။
“ဇန်န၀ါရီလ လန်ကာဝီမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ အာဆီယံ-အမေရိကန် ထိပ်သီးတွေ့ဆုံပွဲကို အဆိုပြုထားပါတယ်။ အရှိန်အဟုန်နဲ့ ဆောင်ရွက်သင့်တယ်လို့ ရှုမြင်တယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဘရူနိုင်းဘုရင်၊ မလေးဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ တွေ့ဆုံဆွေးနွေးရာတွင် တောင်တရုတ် ပင်လယ် ရေပိုင်နက်အငြင်းပွားမှုကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သလို အာဆီယံဒေသတွင်း ကုန်သွယ်မှုလုပ်ငန်းများ တိုးတက် ကောင်းမွန်စေရေးအတွက်လည်း ဆွေးနွေးခဲ့သည်ဟု မလေးဝန်ကြီးချုပ်၏ ပြောစကားကို ကိုးကား၍ နိုင်ငံတကာသတင်းများ၌ ဖော်ပြထားသည်။



















