Home သတင်း ကျားဖြန့်လုပ်ငန်းမှ လူကုန်ကူးခံရသူများအား တရားဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ရန် DKBA ကို စစ်ကောင်စီ ဖိအားပေး

ကျားဖြန့်လုပ်ငန်းမှ လူကုန်ကူးခံရသူများအား တရားဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ရန် DKBA ကို စစ်ကောင်စီ ဖိအားပေး

763

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီဒေသရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA နယ်မြေ အတွင်း လူကုန်ကူးခံရသူ နိုင်ငံခြားသားများအား ပြန်လည်ပို့ဆောင်ရာတွင် တရားဝင် လမ်းကြောင်းဖြင့် ပို့ဆောင်ရန် စစ်ကောင်စီဘက်က ဖိအားမှုလုပ်ဆောင်သည်ဟု DKBA က ပြောသည်။

ကျားဖြန့်ငွေကြေးလိမ်လည်မှုလုပ်ငန်းနှင့်ပတ်သက်၍ ထိုင်းဘက်က ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF နှင့် DKBA တို့အား ဖိအားပေးမှုရှိလာသဖြင့် ကျားဖြန့်နှိမ်နင်းစစ်ဆင်ရေးများ စတင်ဆောင်ရွက်လာပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ DKBA ဘက်က ၎င်းတို့နယ်မြေအတွင်း လူကုန်ကူးခံရသူ ၂၆၁ ဦးကို ထိုင်းဘက်လွှဲပြောင်းပေးခဲ့သည်။

ထိုသို့ ထိုင်းအာဏာပိုင်များထံ တိုက်ရိုက်လူလွှဲပြောင်းပေးခြင်းမှာ တရားမဝင်ဘဲ နောက်ပိုင်း လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ပါက တရားဝင်နည်းလမ်းဖြင့် လွှဲပြောင်းလုပ်ဆောင်ရန် စစ်ကောင်စီက DKBA ထံ ယမန်နေ့တွင် ဖုန်းဆက်အကြောင်းကြားလာသည်ဟု ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ပြောသည်။

“ သူတို့ဖြစ်ချင်တာက မြဝတီဘက်မှာ ပြန်အပ်ရင် လဝကတို့၊ ရဲတို့ရှိတယ်ပေါ့နော်။ အဲဒီကနေတဆင့် ထိုင်းဘက်က လက်ခံရမယ်ဆိုတဲ့ဟာမျိုးပေါ့။ ထိုင်းဘက်ကတော့ ဒီမှာ(ကျောက်ခက်) လွှဲအပ်ပါပေါ့။ ကျနော်တို့ ကြားထဲမှာနေရတာ ခက်ပါတယ် ။ ဒီလူတွေ( ကျားဖြန့်လုပ်သား)ကို ထိုင်းနိုင်ငံဘက်ကို သွားပြီး ခေါ်လာတာမဟုတ်ဘူး။ လေယာဉ်နဲ့လာတယ်။ ပြီးရင် ဒီဖက်ကိုကူးလာတယ်။ အွန်လိုင်း လိမ်တဲ့အလုပ်တာလည်း ကျနော်တို့ မသိပါဘူး။ သူများတွေ အပြောများမှ သိတာ။ ” ဟု ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ကေအိုင်စီသို့ ပြောသည်။

၎င်းတို့ DKBA အနေဖြင့်လည်း ကျားဖြန့်ဒုတိယအသုတ်အနေဖြင့် အလုံးအရင်းအလိုက်ပို့ဆောင်ရန် အစီ အစဥ်အတွင်း လူပေါင်း (၃၀၀)ကျော်အား ထပ်မံကယ်ဆယ်ထားလိုက်နိုင်ပြီး ထိုင်းဘက်သို့ မကြာမီပို့ဆောင်သွားမည်ဖြစ်သည်ဟု ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ဆက်ပြောသည်။

မြဝတီဒေသရှိ ကျားဖြန့်ကိစ္စများတွင်ကျယ်လာပြီးနောက်တွင် ထိုင်းနိုင်ငံဘက်က DKBA သို့ဆက်သွယ်ကာ ကျားဖြန့်နှင့်စပ်လျဥ်းပြီး လူရှာပေးရေးကိစ္စအထိ တိုက်ရိုက် ဆက်သွယ် ပြောဆိုမှုမျိုးရှိခဲ့သည်။ ထို့နောက် ကျားဖြန့်ခေါ် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း၊ လူကုန်ကူးခြင်းနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုနိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟုလည်း DKBA ဒုစစ်ဦးစီးချုပ်က အတိအလင်းပြောဆိုဖူးသည်။

စစ်ကောင်စီဘက်ကလည်း ယမန်နေ့က ထိုင်းဘက်မှအာဏာပိုင်များနှင့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်၍ နိုင်ငံတကာအရေးနှင့်ဆက်စပ်နေသည့် ကျားဖြန့်အမှုတွဲများအတွင်း နာမည်ကောင်းဝင်ယူနိုင်ရေး ကြိုးပမ်းနေကြောင်း နယ်စပ်အရေးစောင့်ကြည့်သူတို့က သုံးသပ်ကြသည်။