Home သတင်း BGF က လူကုန်ကူးခံရသူ ၆၁ ဦးကို ထိုင်းသို့ လွှဲပြောင်းပေး၊ ထပ်မံ ပို့ပေးရန် ရှိသေး

BGF က လူကုန်ကူးခံရသူ ၆၁ ဦးကို ထိုင်းသို့ လွှဲပြောင်းပေး၊ ထပ်မံ ပို့ပေးရန် ရှိသေး

574
Photo: The Reporters

ဖေဖော်ဝါရီ ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နယ်ခြားစောင့်တပ်-BGF က ၎င်းတို့ နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများ၌ လူကုန်ကူးခံရသူများ ၆၁ ဦးကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပြန်ပို့ပေးခဲ့ပြီး ထပ်မံ ပြန်လည် လွှဲပြောင်းပေးသွားရန် ရှိသေးသည်ဟု မြဝတီရှိ ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ၆၁ ဦးကို မြဝတီ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်-၂ မှ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ လွှဲပို့ ပေးခြင်း ဖြစ်ပြီး ထိုင်းဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့ကလက်ခံကာ လူကုန်ကူးခံရသူများကို တွေ့ဆုံစကားပြောခဲ့ သည်။

ယနေ့ ပြန်လွှဲပေးလိုက်သည့် လူကုန်ကူးခံရသူ ၆၁ ဦးတွင် တရုတ်လူမျိုး ၃၉ ဦး၊ ကာဇက်စတန် ၁ ဦး၊ အင်ဒိုနီးရှား ၅ ဦး၊ အီသီယိုးပီးယား ၁ ဦး ပါကစ္စတန် ၁ ဦး၊ မလေးရှား ၁ ဦးနှင့် အိန္ဒိယ ၁၃ ဦး ပါဝင်ပြီး ၎င်းတို့ကို ထိုင်းရှိ ဆိုင်ရာနိုင်ငံ သံရုံးများနှင့် ချိတ်ဆက်ကာ ပြန်ပို့ပေးသွား မည်ဖြစ်သည်။

BGF က ၎င်းတို့ နယ်မြေထဲတွင် လူကုန်ကူးခံရပြီး ကျားဖြန့် လုပ်ငန်းများ၌ စေခိုင်းခံရသူများကို ယခုနည်းတူ ထပ်မံ လွှဲပြောင်းပြန်ပို့မှုများ ရှိလာဦးမည်ဟု အခြေအနေကို သိထားသူ မြဝတီမြို့နယ်အတွင်းရှိ ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။

“အခု ပြန်လွှဲတဲ့ နိုင်ငံခြားသား ၆၁ ယောက်က လမကုန်ခင် (ဇန်နဝါရီလအတွင်း) က ပြန်လွှဲပေး မယ့်သူတွေ၊ တရုတ်နှစ်သစ်ကူး ပွဲပြီးမှ လွှဲဖို့ လက်ခံ ဖို့ ဖြစ်တော့ အခု လွှဲတာပေါ့၊ ထိုင်းကာကွယ်ရေး ဝန်ကြီးခရီစဉ်နဲ့ လာစစ် တာနဲ့ ကွက်တိ လုပ်ပြတာပါ့၊ နောက်လတွေလည်း လူတွေ ဆက်လွှဲမယ်လို့တော့ ထိုင်းဘက်ကို ပြောထားတယ်။ လူက အများကြီး ရှိနေတာလေ” ဟု ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။

BGF အနေဖြင့် ၎င်းတို့ နယ်မြေထဲတွင် ရာဇဝတ်မှုများကို လက်မခံသလို အစိုးရ၊ နိုင်ငံတကာနှင့် ပူးပေါင်းတိုက် ဖျက်သွားမည်ဟု ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။