Home သတင်း စစ်ကောင်စီနှင့် အပစ်ရပ်ရေးဆွေးနွေးပွဲ ညှိနှိုင်းရန် ခက်ခဲ၍ ရလဒ်မထွက်ဟု TNLA ပြော

စစ်ကောင်စီနှင့် အပစ်ရပ်ရေးဆွေးနွေးပွဲ ညှိနှိုင်းရန် ခက်ခဲ၍ ရလဒ်မထွက်ဟု TNLA ပြော

535
Photo: TNLA

ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တရုတ်အစိုးရ၏ စီစဉ်ပေးမှုကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်၌ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၇ ရက်နေ့ထိ နှစ်ရက်ကြာ အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းရန် ခက်ခဲ၍ ရလဒ်မထွက်ဟု TNLA က ယနေ့ ညနေ ပိုင်းတွင် ထုတ်ပြန်ပြောသည်။

အဆိုပါ နှစ်ရက်ကြာ ဟိုင်ဂင်ဆွေးနွေးပွဲသို့ TNLA ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့် စစ်ကောင်စီဘက်က စကထ(၁)မှူး၊ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲ၌ TNLA ဘက်က နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန် အချက်ကို ဆွေးနွေးခဲ့သလို နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်နှင့် နှစ်ဖက်ထိန်းချုပ် နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်း သွားလာခွင့်ပြုရန် စသည့် အချက် ၃ ချက်ကို ဆွေးနွေးခဲ့သည်ဟု TNLA က ထုတ်ပြန်ပြောသည်။

အလားတူ စစ်ကောင်စီဘက်ကလည်း ၎င်းတို့လိုလားချက်များကို ဆွေးနွေးပွဲ၌ ပြန်လည်တင်ပြ ဆွေးနွေးခဲ့ပြီး နှစ်ဖက် ဆွေးနွေးညှိနှိုင်းရန်ခက်ခဲသည့်အတွက် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဆွေးနွေးပွဲ ပြီးဆုံး သွားသည်ဟု TNLA က ပြောသည်။

ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြားဝင်လုပ်ဆောင်ပေးသည့် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံရန် ပြောဆိုခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံတွင် နှစ်ဖက်အပစ်ရပ် ဆွေးနွေးနေချိန် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညပိုင်းအချိန်တွင် ရှမ်းပြည်နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မှ ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်အတွင်းသို့ စစ် ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် နောင်ချိုမြို့နယ်တောင်းခမ်းရွာဘက်တွင်လည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ တိုက်ပွဲများဆက်လက် ပြင်းထန်လျက်ရှိနေကြောင်းဒေသခံများက ပြောသည်။

TNLA အနေဖြင့် ၁၀၁၇ စစ်ဆင်ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ လက်ရှိ အချိန်ထိ မန္တလေးတိုင်း မိုးကုတ်မြို့အပါအဝင် ရှမ်းမြောက် နောင်ချိုမှ မူဆယ်-နမ့်ခမ်းအပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့နယ်ကို သိမ်းပိုက်ထားသည်။ ထိုသို့ TNLA သိမ်းပိုက်ထားသည့် မြို့နယ်များကို စစ်ကောင်စီက လက်ရှိအချိန်တွင် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း TNLA ဘက်က ပြောဆိုထားသည်။