Home သတင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဂျင်တီးနားတရာရုံးမှ ဖမ်းဝရမ်းထုတ်မှုအပေါ် မြန်မာရိုဟင်ဂျာအဖွဲ့ ကြိုဆို

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဂျင်တီးနားတရာရုံးမှ ဖမ်းဝရမ်းထုတ်မှုအပေါ် မြန်မာရိုဟင်ဂျာအဖွဲ့ ကြိုဆို

1310
Photo: Social Media

ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်တပ်အရာများကိုကို အာဂျင်တီးနားတရားရုံးမှ ဖမ်းဝရမ်းထုတ်လိုက်သည့် အပေါ် ကြိုဆိုဝမ်းမြောက်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ၊ Buenos Aires ရှိ တရားရုံးမှ အာဏာသိမ်း စစ်ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး စိုးဝင်း နှင့် အခြားသော မြန်မာစစ်တပ်အရာရှိများကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်မှုဖြင့် နိုင်ငံတကာမှ ဖမ်းဝရမ်းအမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

BROUK ၏ ဥက္ကဋ္ဌ ဦးထွန်းခင်က “ဒီနေ့ ထုတ်ပြန်ချက်ဟာ ရိုဟင်ဂျာတွေအတွက်မကဘဲ ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ အားလုံးအတွက် ပါတယ်။ စစ်တပ်က ရိုဟင်ဂျာတွေကို နှစ်ပေါင်းများစွာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို စနစ်တကျ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီအရာတွေအတွက် တရားမျှတမှုရဖို့ ကျနော်တို့ ကြိုးစားရင်းနဲ့ ဒီနေ့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်တဲ့အပေါ် အတိုင်းမသိ ဝမ်းသာပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုအပြင် ယခုလို စစ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်လိုက်ခြင်းသည် ရိုဟင်ဂျာများအပါအဝင် စစ်တပ်လက်အောက်မှ ခံစားနေရသူများအတွက် တရားမျှတမှုရရှိရန် သမိုင်းဝင်ခြေလှမ်းတစ်ခု ဖြစ်ခဲ့ကြောင်းလည်း မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) မှ အာဂျင်တီးနားတရားရုံးသို့ မြန်မာစစ်တပ်ခေါင်းဆောင်များကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး ဝင်းအပါအဝင် အခြားစစ်တပ်အရာရှိ ၂၃ ဦးကို အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ခေါင်းဆောင်နှစ်ဦးနှင့် အရာရှိများသည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် တိုက်ရိုက်စေခိုင်းကျူးလွန်သူ များဖြစ် ကြောင်း ယနေ့ထုတ်ပြန်သော BROUK သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရိုဟင်ဂျာများကိုကို နေရပ်ရင်းကနေ အတင်းအကျပ်မောင်းထုတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး – ICC မှ ဖမ်း၀ရမ်းထုတ်ရန် ရာဇဝတ်ခုံရုံး ရှေ့နေချုပ် Karim Khan မှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်တွင် ICC သို့ လျှောက်လဲချက် တင်သွင်းတောင်းဆိုထားကြောင်း သိရသည်။