ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်- BGF အမှတ် ၂ စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း ဦးဆောင် ပြီး မြဝတီမြို့နယ်ရှိ သစ်ကတေ စံပြကျေးရွာတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင်ဖွင့်လှစ် ထားသော ဆာကပရူ ( Has Ka Pru) အမည်ရှိ ဆေးရုံသည် ငွေကြေးချို့တဲ့သူများအတွက် အခမဲ့ ကုသမှု ဝန်ဆောင်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
ကျပ်ငွေသိန်း ငါးသောင်းဖြင့် အကုန်ကျခံတည်ဆောင်ထားသည့် ၎င်းဆေးရုံကို ဒေါနတောင်ခြေရှိ မဲ့မလဲ့ ကျေးရွာအုပ်စုအတွင်း ကျေးရွာ (၃၆) ရွာမှ ဒေသခံများအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ အဓိကထား ကုသပေးနိုင်ရန် ဆေးရုံကို တည်ထောင်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ်စောတင်ဝင်းက ပြောသည်။
၎င်းက “ ဒီဘက်နယ်မြေက ရွာသားတွေဟာ မြို့ပေါ်သွားပြီး ဆေးကုသဖို့ အခက်အခဲ အများကြီးရှိတယ်။ တချို့က သွားဖို့ ငွေကြေးမတတ်နိုင်တာရယ်၊ ဘာသာစကားမရတာရယ်တွေ ရှိတယ်။ ကလေးမွေးတာ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စတဲ့ မသေသင့်တဲ့ရောဂါတွေနဲ့ ခဏခဏကြုံရတယ်။ ပြီးတော့ ဆေးရုံဝေးလို့ မိရိုးဖလာ ဆေးကုနည်းနဲ့ ကုရင်း ရောဂါတွေက မကြီးသင့်ဘဲ ကြီးသွားပြီး မသေသင့်ဘဲ သေရတယ်။ ကျနော်ကိုယ်တိုင်ကလည်း ဒီရွာမှာ ကြီးပြင်းလာခဲ့တယ်။ ဒါကြောင့် ဒီမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမီနိုင်ဖို့ တည်ဆောက်ခဲ့တာပါ “ ဟု ကေအိုင်စီသို့ ပြောသည်။
ထိုဆေးရုံသည် ကျေးရွာ (၂၆) ရွာရှိ ဒေသခံမျာအတွက် အဓိကအရေးပါသည့် ဆေးရုံဖြစ်လာမည်ဖြစ်ပြီး ကုသရေးအပိုင်းတွင် ငွေကြေးမတတ်နိုင်သူများအတွက် အခမဲ့ ကုသပေးရန် စီစဥ်ထားသလို တဖက်တွင်လည်း တတ်နိုင်သူများက ပါဝင်အားဖြည့်ပေးနိုင်သည့် အလှူငွေထည့်သွင်းမှုများလည်း ပြုလုပ်နိုင်ကြောင်း ဗိုလ်မှူးချုပ်စောတင်ဝင်းက ဖြည့်စွက်ပြောသည်။

အဆိုပါ ဆေးရုံသစ်တွင် အထွေထွေရောဂါကုသမှုအပြင် သားဖွားခန်း၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်၊ အာထရာဆောင်း၊ အထူးကုသဆောင်များ ပါဝင်သည့် ကုတင် ၃၀ ဆံ့ဆေးရုံဖြစ်သည်။ မိခင်နှင့် ကလေးများ၏ ကျန်းမာရေး၊ ဝမ်းပျက်ဝမ်းလျှော၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဖျားနာခြင်းနှင့် သွားရောဂါဆိုင်ရာများအား အဓိကထား ကုသသွားမည်ဟုလည်း သိရသည်။
၎င်းအပြင် ၎င်းဆေးရုံကို ဆရာဝန်၊ ဆေးမှူး၊ သူနာပြုနှင့် ဆေးရုံဝန်ထမ်း ၄၈ ဦးဖြင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများအား အချိန်ပြည့် ပေးသွားမည်ဖြစ်သောကြောင့် ယင်းဒေသရှိ ဒေသခံများ၏ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် များစွာအထောက်အကူဖြစ်မည်ဟု ဒေသခံများက ဆိုသည်။
မဲ့ပလဲ့ကျေးရွာသည် သင်္ဃန်းညီနောင်မြို့မှတဆင့် ဖြတ်သန်းသွားရပြီး မြဝတီမြို့မှ ၁၃ မိုင်အကွာတွင် တည်ရှိသည့် ရွာတစ်ရွာ ဖြစ်သည်။



















