Home သတင်း အင်ဒိုနီးရှား နိုင်ငံသား (၈၄)ဦးအား ထိုင်းနိုင်ငံဘက်ကသို့ BGF လွှဲပြောင်းပေး

အင်ဒိုနီးရှား နိုင်ငံသား (၈၄)ဦးအား ထိုင်းနိုင်ငံဘက်ကသို့ BGF လွှဲပြောင်းပေး

351
Photo: CJ

ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ (ကျားဖြန့်)တွင် လူကုန်ကူးခံရသည့် အင်ဒိုနီးရှား နိုင်ငံသား (၈၄)ဦးအား နယ်ခြားစောင့်တပ်-BGF က နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၂)မှတဆင့် ထိုင်းနိုင်ငံအာဏာပိုင်များထံသို့ ယနေ့နံနက်ပိုင်းက လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသား အမျိုးသမီး ၁၄ ဦးနှင့် အမျိုးသား ၇၀ ဦး၊ စုစုပေါင်း ၈၄ ဦးတို့အား ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ယနေ့နံနက်ပိုင်းက BGF မှ ထိုင်းနိုင်ငံသို့လွှဲပြောင်းပေးခဲ့ရာ သက်ဆိုင်ရာသံရုံးမှ မှန်လုံ မော်တော်ယာဥ်များဖြင့် ၎င်းတို့နိုင်ငံသားများကို လာရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်က ဆိုသည်။

“ဒီနေ့ပဲ အင်ဒိုနီးရှားနိုင်ငံသား ၈၄ ယောက်ကို ထိုင်းဘက်ပို့တယ်။ နှစ်နိုင်ငံနယ်စပ် အစည်း အဝေးပြီးတဲ့နောက်ပိုင်း BGF ဘက်က ဒုတိယအကြိမ်လွှဲပေးတာပေါ့။ လွှဲပေးလိုက်တဲ့သူတွေကို အင်ဒိုနီးရှားသံရုံးဘက်က ဘတ်စ်ကားနဲ့လာကြိုသွားပြီ။ လူကယ်တာ၊ စုံစမ်းစိစစ်တာ၊ လွှဲပြောင်းပေးတာ အားလုံးက BGF က ပဲ ဦးဆောင်လုပ်သွားတာပါ” ဟု ထိုင်းနှင့်မြန်မာနယ်စပ်ရှိ သတင်းအရင်းအမြစ်က ပြောသည်။

လူမှုကွန်ရက်တွင် ပေါ်ထွက်လာသော ဓာတ်ပုံများအရ BGF က ထိုင်းသို့လွှဲပြောင်းမည့် အင်ဒိုနီးရှားနိုင်ငံသားများအား လိုအပ်သည့်စိစစ်မှုများလုပ်ဆောင်နေစဥ် စစ်ကောင်စီဘက်က ဝင်ရောက်ပူးပေါင်းဆောင်ရွက်မှုများရှိနေသည်။

ဖော်ပြပါ နယ်စပ်သတင်းအရင်းအမြစ်က ဆက်လက်၍ “စကစကတော့ အတွင်းထဲမှာပဲ ယူနီဖောင်း ဝတ်ပြီးမျက်နှာလာပြသွားတာ။ အပြင်ရောက်တာနဲ့ ဝတ်လာတဲ့ယူနီဖောင်း အကုန်ပြန်ချွတ် တာတွေ့တယ်။ သူတို့လည်းသူတို့လုံခြုံရေးစိတ်မချတာပါမှာပေါ့။” ဟု ၎င်းက ဆိုသည်။

Photo: CJ

နယ်စပ် ကျားဖြန့်လုပ်ငန်းများနှင့် လူမှောင်ခိုကိစ္စများကြောင့် ပြည်တွင်းပြည်ပ၏ ဖိအားပေးမှုခံရအပြီး BGF က ကျားဖြန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့ကို ဖွဲ့စည်းကာ ရွှေကုက္ကိုလ်မြို့သစ်အတွင်း လိုက်လံစစ်ဆေးဖော်ထုတ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

နိုင်ငံတကာဖိအားအပြင် ထိုင်းဘက်က တရားစွဲဆိုနိုင်မှုဖြင့်ရင်ဆိုင်နေရသည့် BGF သည် အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး လက်ရှိအချိန်ထိ လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၇,၁၄၁ ဦးကို ကယ်ထုတ်ထားနိုင်ပြီဟု ၎င်းတို့ပြုစုထားသည့် စာရင်းတွင် ဖော်ပြသည်။

အဆိုပါ နိုင်ငံခြားသား ၇ ထောင်ကျော်အနက် အမျိုးသား ၆,၇၁၆ ဦးပါဝင်ပြီး အမျိုးသမီး ၄၂၅ ဦးဖြစ် သည်။ ထို့အပြင် လူကုန်ကူးမှုမှကယ်တင်ခံထားသူစာရင်းတွင် တရုတ်နိုင်ငံသားစုစုပေါင်း ၄,၈၆၀ ဦးဖြင့် အများဆုံးပါဝင်နေပြီး ဒုတိယအများဆုံးနိုင်ငံသားမှာ လူဦးရေ ၅၀၀ ကျော်ဖြင့် အိန္ဒိယနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF အနေဖြင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၇၀၀ ဦးကျော်အား ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။