Home တွေ့ဆုံမေးမြန်းခန်း “အကူညီတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် စစ်ဘေးရှောင်တစ်သိန်းဝန်းကျင်ကို ထိခိုက်နစ်နာမှုတွေ ရှိတယ်”

“အကူညီတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် စစ်ဘေးရှောင်တစ်သိန်းဝန်းကျင်ကို ထိခိုက်နစ်နာမှုတွေ ရှိတယ်”

171
Photo: IEC

“အကူညီတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် စစ်ဘေးရှောင်တစ်သိန်းဝန်းကျင်ကို ထိခိုက်နစ်နာမှုတွေ ရှိတယ်”

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး -၂ ဗညားခွန်အောင်နှင့် မေးမြန်းချက်

လက်ရှိ ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်များ၏ ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာ ကူညီပံ့ပိုးနေမှု အခြေအနေများနှင့် ပတ်သက်၍ သော်လည်းကောင်း၊ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ -USAID က ကူညီထောက်ပံ့မှုများ ရပ်ဆိုင်းထားသည့် အခြေအနေ အကျိုးဆက်များနှင့် ပတ်သက်၍ သော်လည်းကောင်း၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) တွဲဖက် အတွင်းရေးမှူး-၂ ဗညားခွန်အောင်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး။ ။ ပထမဆုံး အနေနဲ့ အခုလက်ရှိ ကရင်နီပြည်နယ်ရဲ့ စစ်ဘေးရှောင်တွေရဲ့ နောက်ဆုံးအခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ လက်ရှိမှာစစ်ဘေးရှောင်အခြေနေတွေကတော့ အရင်အတိုင်းပဲ ထူးထူးခြားခြား ပြောင်းလဲလာတာမျိုး တော့မရှိ ဘူး။ ဒါပေမဲ့ အခြားတစ်ဖက်မှာကတော့ နိုင်ငံတကာကို မှီခိုရမယ့် အခြေနေတွေ ရှိနေတယ်။ နောက်ပြီးတော့ လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်တွေ တဖြည်းဖြည်းနဲ့ မြင့်တတ်လာတယ်။ နောက်တစ်ဖက်မှာလည်း စစ်ဘေးရှောင်တွေက ရရာနည်းလမ်းတွေနဲ့ ကိုယ်ထူကိုယ်ထစနစ်တွေကိုကျင့်သုံးပြီး အဖွဲ့အစည်းတွေကနေ၊ IEC အဖွဲ့တွေ ကနေတစ်ဆင့် ချိတ်ဆက်ပြီးတော့ အသေးစားစိုက်ပျိုးရေးတွေ မွေးမြူရေးလုပ်ငန်းတွေ တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေကို ချိတ်ဆက်ပြီးတော့ လုပ်ဆောင်လာတာတွေရှိပါတယ်။

မေး။ ။ ကရင်နီပြည်အတိုင်းအတာတစ်ခုလုံးအနေနဲ့ဆိုရင် စစ်ဘေးရှောင်ဦးရေကရော ဘယ်လောက်ရှိလာပြီးလဲ၊ သူတို့ရဲ့အခက်အခဲတွေက ဘာဖြစ်မလဲ။
ဖြေ။ ။ အခုစစ်ဘေးရှောင်တွေမှာက ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေ၊ ပညာရေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ တဖြည်းဖြည်းနဲ့ မြင့်မားလာတယ်။ ကျနော်တို့အနေနဲ့ပွင့်ပွင့်လင်းလင်းပြောရရင် ငွေကြေးအခက်အခဲတွေနဲ့ ကြုံတွေ့လာရတယ်။ ပညာရေးအနေနဲ့ကပြောရရင်လည်း ကလေးတွေ ကျောင်းသူ၊ ကျောင်းသားတွေ ပိုပြီးတော့မှ များလာတယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာမှ တာဝန်ယူရတဲ့အပိုင်းတွေ၊ ပံ့ပိုးရတဲ့အပိုင်းတွေက ပိုပြီးတော့မှများလာ တယ်။ သူတို့ရဲ့သက်ဆိုင်ရာမိဘတွေမှာလည်း သိသိသာသာဝင်ငွေတိုးလာတာ မရှိဘူး။

နိုင်ငံတကာကလည်း စစ်ဘေးရှောင်ကလေးတွေရဲ့ပညာရေးအပေါ်မှာ သိပ်ပြီးတော့ထူးထူးခြားခြား မရှိဘူး။ ကိုယ်ထူကိုယ်ထအခက်အခဲတွေနဲ့ ကြုံရတယ်။ ဆရာ၊ ဆရာမတွေ အတွက်ကလည်း လစာမပေးနိုင်တဲ့ အခက် အခဲ တွေရှိပါတယ်။ ဆေးဝါးသယ်ယူပို့ဆောင်မှု အခက်အခဲတွေကတော့ ဈေးနှုန်းကြီးမြင့်လာမှုကလည်း အခု နောက်ပိုင်းမှာ ပိုပြီးသိသာလာတယ်။ ကရင်နီပြည်မှာက မျှသုံး၊ ကြားခံသုံးစွဲတဲ့စနစ် ရှိတဲ့အတွက် အခမဲ့ ကုသပေး နေတာတွေတော့ ရှိတယ်။

ဒါပေမဲ့ အားလုံးကတော့ နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေကို မှီခိုနေရတဲ့ ဟာတွေရှိတယ်။ အဲ့ဒီမှာလည်း ခက်ခဲတဲ့ စိန်ခေါ် မှုတွေက ပိုများလာတယ်။ နောက်ပြီးတော့ ကျနော်တို့ လူသားအရင်းအမြစ် လိုအပ်ချက်ကလည်း အခုချိန်ထိ ရှိနေ ဆဲပဲဖြစ်တယ်။ ငွေကြေးပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာတွေမှာတော့ တနေ့တခြား လိုအပ်ချက်တွေ တိုးတိုးလာတာတော့ ရှိပါတယ်။

မေး ။ ။ USAID ရပ်တန့်လိုက်တဲ့အတွက်ရော စစ်ဘေးရှောင်တွေအတွက် ထိခိုက်နစ်နာမှုက ဘယ်လောက်ရှိလဲ။
ဖြေ။ ။ နိုင်ငံတကာအကူညီလို့ပြောရမယ်ဆိုရင် USAID ကိုတော့ Mention မလုပ်ချင်ပါဘူး။ ဟုတ်ပါတယ် နိုင်ငံတကာ က ၂၀၂၅ ခုနှစ်မှာ ရုတ်တရက်ဖြတ်တောက်မှုတွေ လျှော့ချမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့လာရတယ်။ အဲ့တာကြောင့် ကျနော်တို့ အဲ့ဒီအချက်အလက်တွေ လိုက်ပြီးတော့ ကောက်ခံနေတာရှိတယ်။ အနည်းဆုံးတချို့ နိုင်ငံတကာ ကနေ အကူအညီတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတစ်သိန်း ဝန်းကျင်အတွက် ထိခိုက်နစ်နာမှုတွေ ရှိတယ်လို့ ကျနော်တို့အနေနဲ့အကြမ်းဖျင်းပြောလို့ရတယ်။

ဒီလူသားချင်း စာနာထောက်ထားမှုတွေမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေက လူဦးရေ ငါးသောင်းငါးထောင် ကျော်ကျော်ကတော့ လက်တွေ့မှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းတွေ၊ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကျောင်းဆရာ၊ ဆရာမတွေအတွက် လစာတွေ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့နိုင်မှုလျော့ကျသွားခဲ့တယ်။ အဲ့တာတွေပေါင်းလိုက်ရင် စစ်ဘေးရှောင်အပြင် ထိခိုက်နစ်နာမှု တစ်သိန်း ဝန်းကျင် အထိရှိတယ်။ အဲ့တာအပြင် စစ်ဘေးရှောင်မဟုတ်ဘဲ ကျေးရွာအထဲမှာ နေထိုင်နေတဲ့သူတွေကို လစဉ် ထောက်ပံ့ပေးတဲ့ငွေကြေးတွေအပြင် လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့မှုတွေအတွက်ကတော့ တော်တော်လေး အခက်အခဲ ဖြစ်ပါတယ်ဗျ။

မေး။ ။ ကရင်နီပြည်က စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေက ဘယ်လောက် ရာခိုင်နှုန်း အထိပါဝင်နေလဲ။ သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြ ပေးပါဦး။
ဖြေ။ ။ ကျနော်တို့ သတ်မှတ်ထားတာကတော့ စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးပေါ့နော် ၇၅ ရာခိုင်နှုန်းနဲ့ ၈၅ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒါကတော့ စစ်ဘေးရှောင် စခန်း တိုင်းကိုသွားရင် သက်ကြီး ရွယ်အိုနဲ့ ကလေးသူငယ်တွေကတော့ အများဆုံးဖြစ်ပါတယ်။ လူလတ်ပိုင်းကတော့ တော်တော်လေးကို နည်းပါတယ်။ ကျနော်တို့ပြည်နယ်ရဲ့ သဘောသဘာဝကြောင့်လည်း ပါပါတယ်။ လူငယ်တွေက နိုင်ငံခြားထွက် အလုပ်လုပ်ကြတယ်။

အခုတော်လှန်ရေးကာလမှာလည်း လူငယ်တွေက တာဝန်ကို ထမ်းဆောင်တဲ့အတွက်ကြောင့် စစ်ဘေးရှောင် စခန်း တွေမှာက အနည်းအကျဉ်းပဲ ကျန်ပါတော့တယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေကကျတော့ ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲ ဖြစ်ဖြစ်အခက်အခဲအားလုံးကြုံတွေ့နေရတာမျိုးကတော့ ရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးလဲတော့ ပြောရခက်တာပေါ့။ ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုက ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲရှိတယ်။ နောက် တစ်ခုကတော့ ဆေးဝါးပေါ့နော်။

မေး ။ ။ စစ်တပ်က လမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့အတွက် ဆေးဝါးလုံလောက်မှုတွေရောရှိလား။ အဲ့ဒါအပြင် ဘာအခက်အခဲတွေ ကြုံလာရလဲ။
ဖြေ။ ။ သေချာတာတစ်ခုကတော့ ကရင်နီပြည်နယ်ဘက်တွေမှာ လိုအပ်တဲ့ဆေးဝါးတွေကို ရရှိနိုင်ဖို့က တော် တော်လေး အခက်အခဲရှိတယ်။ အထူးသဖြင့် စစ်ကောင်စီရဲ့ ဆေးဝါးပိတ်ဆို့မှုတွေက တော်တော်လေးကို ဆိုးဆိုး ဝါးဝါး ဖြစ်လာတယ်။ အရင်၂၀၂၃ နှစ်လယ်ပိုင်းကနေစပြီးတော့ ပြောလို့ရတယ်ပေါ့နော် ။ အဲ့တော့ဒီလိုအပ်တဲ့ ဆေးဝါးရရှိမှုက အကန့်အသတ်တွေ ဖြစ်လာတယ်။ နောက်တစ်ခုကတော့ ဈေးနှုန်းတွေပိုပြီးတော့ ကြီးသွားတယ်ပေါ့နော်။ ဆေးစွဲသောက်ရတဲ့ဆေးဝါးတွေ ရရှိနိုင်မှုခက်ခဲသွားတယ်ပေါ့။ ဥပမာ HIV/AIDS၊ TB တို့လိုစွဲပြီး သောက်ရတဲ့ ဆေးဝါးလုံးဝမရရှိတော့ဘူး။

မေး ။ ။ နောက်ဆုံးအနေနဲ့ စစ်ဘေးရှောင်တွေအပေါ် စစ်တပ်က အခုလိုလူ့အခွင့်အရေး ချိုးဖောက်နေတာနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများရှိလားဗျ။
ဖြေ။ ။ သေချာတာတစ်ခုကတော့ လက်ရှိမှာ ဖြစ်ပွားနေတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ ဖြစ်ဖြစ်၊ အခြေခံ ပစ္စည်းဝန်ဆောင်မှုတွေ ပျက်စီးတာကလည်း စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ အကြောင်းအရာတွေ ဖြစ်တယ်။ အဲ့တော့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ထွန်းလာတဲ့ လူမှုအခက်ခဲတွေ၊ အခွင့်အ ရေး ပိုင်းဆိုင်ရာချိုးဖောက်မှုတွေက ပြောမတတ်လောက်အောင် ဆိုးရွားတဲ့အခြေအနေဖြစ်တယ်။ ဒီအပေါ်မှာ ကျနော်တို့ အနေနဲ့ ဝမ်းနည်းမိတယ်။

နောက်ပြီးတော့ ကျနော်တို့မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာတွေ ရိုက်ချိုးခြင်းခံရတယ်။ အဲ့တော့ ကျနော်တို့က ဒီပုံစံအတိုင်းဆက်သွားလို့ မရတာတော့ သေချာတယ်။ ချိုးဖောက်မှုလုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့သူတွေကို ခွင့်လွတ် နိုင်မယ့်အခြေနေထက် ကျော်လွန်သွားတယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့် လူထုတွေကတော့ အဆုံးထိကို ဆက်ပြီးသွားနေမှာ ဖြစ်တဲ့အတွက်ကြောင့် လူထုတွေအတွက်နဲ့ဆက်ပြီးတော့ တောင့်ခံနိုင်ဖို့အတွက် လူထု တော်လှန်ရေးကို အောင်မြင်တဲ့အချိန်ထိ ဆက်သွားကြဖို့ လူထုတော်လှန်ရေးကို ပန်ကြားလိုပါတယ်။