Home သတင်း ကျားဖြန့်၌ နိုင်ငံသား ၁၈ ဦး ကယ်ဆယ်ရေးကိစ္စ သီရိလင်္ကာ ဝန်ကြီးနှင့် စကစ ဝန်ကြီးတို့ ဖုန်းခေါ်ဆွေးနွေး

ကျားဖြန့်၌ နိုင်ငံသား ၁၈ ဦး ကယ်ဆယ်ရေးကိစ္စ သီရိလင်္ကာ ဝန်ကြီးနှင့် စကစ ဝန်ကြီးတို့ ဖုန်းခေါ်ဆွေးနွေး

134
Photo: The Island

ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့နယ်ရှိ ကျားဖြန့် လုပ်ငန်းခွင်၌ နိုင်ငံသား ၁၈ ဦးကို ကယ်ဆယ်ရေးကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီ နိုင်ငံခြား ရေးဝန်ကြီး ဦးသန်းဆွေနှင့် သီရိလင်္ကာနိုင်ငံ၊ နိုင်ငံခြား အလုပ်အကိုင်နှင့်် ခရီးသွားလာရေး ဝန်ကြီး ဗီဂျီတဟာရတ်တို့ တယ်လီဖုန်းပြောဆိုဆွေးနွေးခဲ့သည်ဟု The Island သတင်း၌ ယနေ့ ဖော်ပြထားသည်။

ကျားဖြန့်ငွေကြေးလိမ်လည်မှုလုပ်ငန်းတွင် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံ မြဝတီသို့ လူကုန်ကူးခံခဲ့ရသည့် သီရိ လင်္ကာနိုင်ငံသား ၁၈ ဦးကို စောလျင်စွာ ကယ်ဆယ်ပြီး ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ပို့နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် စစ်ကောင်စီထံအရေးပေါ်အကူအညီ တောင်းခံသည်ဟု သီရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောသည်။

ထိုသို့ တယ်လီဖုန်းခေါ်ဆို ဆွေးနွေးမှုတွင် လူကုန်ကူးခံရသူ သီရိလင်္ကာနိုင်ငံသားများအား နေရပ်ပြန်ပို့ရန် မြန်မာနိုင်ငံက ဆက်ကူညီပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ ၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသား ၉၁ ဦးကို ကယ်ဆယ်နေရပ်ပြန်ပို့ပေးခဲ့သည်ဟု အဆိုပါသတင်း၌ ဖော်ပြထားသည်။

၎င်းအပြင် ယခုလို သီရိလင်္ကာသား ၁၈ ဦးသည် လူကုန်ကူးအဖွဲ့၏ ညှဉ်းပန်းနှိပ်စက်မှုများကို ခံနေရပြီး ကယ်ဆယ်နေရပ်ပြန်ပို့ နိုင်ရေး ပူးပေါင်းကူညီဆောင်ရွက်ပေးရန် ဝန်ကြီး ဟာရတ်က တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။

အလားတူ သီရိလင်္ကာ-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် (JCBC) ၏ ၄ ကြိမ်မြောက် အစည်းအဝေးကို နှစ်ဦးနှစ်ဖက် အဆင်ပြေသည့်အချိန်တွင် ခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးခဲ့သေးသည်ဟု အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။