Home သတင်း ဝင်းရေး ပန်းအောင်ရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ကျောင်းထိုင်ဆရာတော် အပါအဝင် ၇ ဦး ထိခိုက်

ဝင်းရေး ပန်းအောင်ရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ကျောင်းထိုင်ဆရာတော် အပါအဝင် ၇ ဦး ထိခိုက်

560
Photo: CJ

ဖေဖော်ဝါရီ ၂၇ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်းရေးမြို့နယ် ပန်းအောင်ကျေးရွာဘုန်းကြီးကျောင်းရှိ စေတီကို သန့်ရှင်းရေး လုပ်ရန်ပြင်ဆင်နေချိန် ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လယ်၁၂ နာရီအချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရွာသား ၇ ဦး ဒဏ်ရာရရှိ သွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ကေအဲန်ယူ၊ ဝင်းရေးမြို့နယ်သည် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းတည်ရှိပြီး စစ်ကောင်စီ Y-12 လေယာဉ်ဖြင့် အနန်းကွင်းကျေးရွာနှင့် ကပ်လျက်တည်ရှိသည့် ပန်းအောင်ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲသို့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကို သိထားသူ အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ဗုံးကြဲခံရ၍ ပန်းအောင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်တစ်ပါး၊ ဦးဇင်းတစ်ပါး၊ အသက်(၅)နှစ် အရွယ်ကလေးငယ်တစ်ဦး၊ မနော်နော် အသက်(၁၆)နှစ်၊ နော်မိလို အသက်(၃၀)၊ နော်တုလု အသက်(၆၇)နှစ်နှင့် ဦးစောလော် (၆၆)နှစ်တို့ ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ဖြစ်စဉ်ကို သိထားသူ ဒေသခံ တစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြောသည်။

Photo: CJ

“ပန်းအောင်(တိုဟောဖိုး) ရွာက ဒေသခံအများစုက တိမ်းရှောင်နေကြတယ်။ ထိသွားတဲ့ဘုန်းကြီးလည်း လိုက်တိမ်း ရှောင်တာပဲ ရွာပြန်လာတဲ့အချိန်မှာ တိုက်ဆိုင်ပြီး ထိသွားတယ်။ ဒီနေ့က သူတို့က စေတီသန့်ရှင်းရေး လုပ်ဖို့ လူစု တာ ဓမ္မာရုံမှာလူများတယ်။ တော်သေးလို့ အဲဒီကိုမကျတာ ကျတာက ကျောင်းကြီးထဲကျတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း ဝင်းရေးမြို့နယ် ခေါကလားကျေးရွာထဲကိုလည်း Y-12 လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံ (၄) ဦးနှင့် လူနေအိမ် (၃)လုံးထိခိုက်ပျက်စီးသွားခဲ့သည်။ ထိုနေ့တွင် တဆက်တည်း မောထီးကျေးရွာ၌ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် အများအပြားထိခိုက်ပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်ဘက်က သတင်းထုတ်ပြန် ထားသည်။

ကေအဲန်ယူ ဝင်းရေးမြို့နယ် အနန်းကွင်းကျေးရွာအနီး စစ်ကောင်စီဗျူဟာတပ်စခန်း မကျစေရေးအတွက် စစ်ကောင်စီတပ်ဘက်မှ လူအင်အား လက်နက်အင်အားများ တိုးချဲ့ပို့ဆောင်သည့်အပြင် ၂၀၂၅ ခုနှစ်တွင် အနန်းကွင်းအနီးနားရှိ ကျေးရွာများကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ပိုမိုများလာနေသည်ဟု သိရသည်။