ဖေဖော်ဝါရီ ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး၏ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ဝအောင် လှုပ်ရှားနေသည့် အချိန်ဖြစ်၍ အရာအားလုံးကို ရင်ဆိုင်ရန် တော်လှန်ရေး သန္နိဌာန်ချထားပြီး ကြုံလာမည့် အရာများစွာအတွက် ကြိုတင်ပြင်ဆင် ထားရန် ကေအဲန်ယူဥက္ကဌ ပဒိုကွယ်ထူးဝင်းက တိုက်တွန်းပြောဆို လိုက်သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျရောက်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းတည် ထောင်ခြင်း ၇၈ နှစ်မြောက်အထိမ်းအမှတ် အများပြည်သူသို့ ပြောဆိုသည့် ဥက္ကဌ၏ မိန့်ခွန်း၌ ယခုလို တိုက်တွန်း ပြောဆို ခဲ့ခြင်း ဖြစ်သည်။
“ကရင်အမျိုးသား အစည်းရုံးရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြည့်ဝရရှိဖို့ လှုပ်ရှားနေတဲ့ အချိန်ကာလဖြစ်တာနဲ့အညီ ကြုံတွေ့ရမဲ့ အရာအားလုံးကို ရင်ဆိုင်ဖို့အတွက် တော်လှန်ရေး သန္နိဌာန် ချထားရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သဘောထား ခံယူချက်၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ ပစ္စည်းတန်ဆာများကို လိုအပ်သလို တပ်ဆင် အသုံးပြုပြီး ရှေ့လုပ် ငန်းများမှာ ကြုံတွေ့လာနိုင်မည့် အရာများစွာအတွက် ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်” ဟု ဥက္ကဌ က ပြော သည်။
ကေအဲန်ယူ အနေဖြင့် ယခုလို ၇၈ နှစ်တိုင် ရပ်တည်နိုင်ခဲ့ခြင်းသည် ကရင်တို့ အားပေးထောက်ခံမှုကြောင့် ဖြစ်ပြီး အစည်းအရုံးသည် ကရင်တို့ ဖိနှိပ်ညှင်းပန်းခံရမှုမှ ကင်းဝေးပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူမျိုးဖြစ်ရန် နိုင်ငံရေး ရည်မှန်း ချက်ထားရှိလုပ်ဆောင်နေခြင်းဖြစ်သည်။
ထို့အပြင် အစည်းအရုံးအနေဖြင့် လူမျိုးတိုင်း ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရေးကို တစ်ချိန်တည်း လုပ်ဆောင်သွားရမည် ဖြစ်သည်ဟု ဥက္ကဌက ပြောဆိုသည်။
ထို့အတွက် မည်သည့်နိုင်ငံတွင် နေထိုင်နေသည်ဖြစ်စေ၊ မည်သည့် အလုပ်အကိုင်မဆို လုပ်ကိုင်နေသည့် ကရင်တို့ သည် အစည်းအရုံး၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ရန် စည်းလုံးညီညွတ်စွာ အားပေးထောက်ခံသွားရန် ဥက္ကဌက ဆက်တိုက်တွန်းပြောဆို ထားသည်။
ကေအဲန်ယူ-ကရင်အမျိုုးသားအစည်းအရုံးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရန်ကုန်မြို့၊ အလုံမြို့နယ်၌ ကျင်းပသည့် တစ်နိုင်ငံလုံးရှိ ကရင်လူမှု အဖွဲ့အစည်းများ၏ အစည်းအဝေးတွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထိုအစည်းအဝေးသို့ ဒေါကလူ ကရင်အမျိုးသားအသင်း (Karen National Association-KNA)၊ ဗုဒ္ဒဘာသာ ကရင်အမျိုသားအသင်း (Buddhist Karen National Association-BKNA)၊ ကရင်ဗဟိုအဖွဲ့ချုပ် (Karen Center Organization-KCO)နှင့် ကရင်လူငယ်အစည်းအရုံး (Karen Youth Organization-KYO)တို့ ပူးပေါင်းကာ ကရင့်နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းအဖြစ် ကေအဲန်ယူကို ဖွဲ့စည်း တာဝန်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။



















