ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ထိုင်းလျှပ်စစ်မီးနှင့် လောင်စာဆီတင်သွင်းခြင်းများရပ်ဆိုင်းလိုက်၍ မြဝတီ မြို့က အများပြည်သူ အားထားရသည့် ဆေးရုံကြီးနှင့် အောက်ဆီဂျင်စက်ရုံ ရပ်ဆိုင်းထားရသည့်အတွက် လျှပ် စစ်မီးစက်၊ ဆိုလာလျှပ်စစ်ထုတ်လုပ်မှုများဖြင့် လည်ပတ်နိုင်အောင် လုပ်ငန်းရှင် မြို့မိမြို့ဖများမှ လုပ် ဆောင်နေ ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်က ထိုင်းနိုင်ငံဘက်မှ မြဝတီမြို့ဘက်သို့ ရောင်းချပေးနေသော လျှပ်စစ်မီးနှင့် လောင်စာဆီတင်သွင်းမှုကို ရပ်ဆိုင်းထားသည့်အတွက် လတ်တလောတွင် မြဝတီမြို့ရှိ ဒေသခံများ၏ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်သွားလာမှုများ အခက်ကြုံနေခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
မြို့ခံလုပ်ငန်းရှင်တစ်ဦးက “သူတို့ ဖြတ်တာကတာ့ ငွေလိမ်တရုတ်လုပ်ငန်းတွေကိုဖြတ်တယ် ဆိုပေမယ့် လူတွေ ဆီတွေ ပြတ်တော့ သွားဖို့လာဖို့ ခက်ကုန်တယ်ပါ့ဗျာ။ ဆေးရုံက အဲ့မီးနဲ့ပဲသုံးတာ၊ အခုက အကုန်လုံးဖြတ် ချလိုက်တော့ ဆေးရုံကပါ အကုန်ပျက်သွားတာ၊ အောက်ဆီဂျင်ကောဘာကော၊ အခုယာယီကတော့ ထိုင်းက အောက်ဆီဂျင်အိုးတွေကို ယူပြီးတော့မှ အဲ့ဒီစျေးနှုန်းအတိုင်းပြန်ရောင်းမယ်ပေါ့နော်၊ အရေးပေါ်မီးစက်တို့ ဆိုလာတို့ နဲ့ လျှပ်စစ်ရအောင် ပြန်စီစဉ်မယ်ပေါ့ဗျာ” ။ဟု ပြောသည်။
လက်ရှိ မြဝတီမြို့မှာ စက်သုံးဆီဆိုင်တွေရောင်းချမှု ရပ်ဆိုင်းထားပြီးသည့်အတွက် ဒေသခံများ သွား လာရေးခက်ခဲနေပြီး လျှပ်စစ်မီးအတွက် တစ်ပိုင်တစ်နိုင် ဆိုလာ၊ အင်ဗာတာ၊ မီးစက်များအား ဝယ်ယူ တပ်ဆင် အသုံးပြုမှုများနေကြောင်း သိရသည်။
၎င်းအပြင် မြဝတီမြို့တွင်း ရပ်ကွက်များသို့ သောက်သုံးရေ ပေးဝေသည့် ရေပိုက်လိုင်းများ ရေမလာတော့မည့် အခြေအနေအပေါ်လည်း စိုးရိမ်မှုမြင့်တက်နေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ယခုလို ပြောသည်။
” ထိုင်းမီးပြတ်တော့ ရေကပတ်စက်နဲ့တွန်းပို့ရတာဆိုတော့လျှပ်စစ် ရတုန်းက အဆင်ပြေတယ်။ အခု မီးဖြတ် ချလိုက်တော့ မီးစက်နဲ့ သုံးတော့ ရေသိပ်မတွန် ပို့ နိုင်တော့ဘူး။ ရေနည်းနည်းပဲ ပိုက်လိုင်းကလာတော့တယ်။ အဲ့တာပြတ်သွားရင် ရေကားကို ရေဝယ်သုံးရတော့မှာ အဆင်မပြဘူး “ဟု ကျွန်းတောရပ်ကွက်နေထိုင်သူက ပြောသည်။
ယခုလို ထိုင်းဘက်က အွန်လိုင်းငွေကြေးလိမ်မှုလုပ်ငန်းများ ပူးပေါင်း နှိမ်နှင်းသည့် အစီအစဉ်အရ မြန်မာဘက်အ ခြမ်း မြဝတီမြို့ကို လျှပ်စစ်နှင့် လောင်စာဆီ ဖြတ်တောက်လိုက်သော်လည်း ထိုငွေကြေးလိမ်လုပ်ငန်းများ ရပ်ဆိုင်း မသွားဘဲ ဒေသခံလူထုသာ ထိခိုက်နစ်နာနေရသည့်အတွက် ဝေဖန်ပြောဆိုမှုများ မြင့်တက်နေကြောင်း သိရသည်။